Skip to main content

ဒုတိယဝန်ကြီး ဦးစိုးကြည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သီရိရတနာမူလတန်းကြိုကျောင်းသို့ သွားရောက်၍ ရင်သွေးငယ်လေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားလေ့ကျင့်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြောကြား

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်းများကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အားလုံး ဝိုင်းဝန်းဆောင်ရွက်ရန်၊ နှစ်အလိုက်ကျောင်းတွင်းလှုပ်ရှားမှု ဆောင်ရွက်ချက်များဖြစ်ကြသည့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ လေ့လာရေးအစီအစဉ်များနှင့် မိဘအသိပညာပေး အစီအစဉ်များကို ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားပြီး မူကြိုတက်ရောက်လျက်ရှိသော ရင်သွေးငယ်များအတွက် အာဟာရမုန့်များနှင့် ပဲနို့အာဟာရများ ပေးဝေသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် လူမှုဝန်ထမ်းရုံးသို့သွားရောက်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် လူမှုဝန်ထမ်းလုပ်ငန်းပိုင်းဆိုင်ရာများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နေပြည်တော်ကောင်စီဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ရောက်ရှိပြီး ပစ္စည်းများသိုလှောင်ထားရှိမှု၊ ထောက်ပံ့ရေးလုပ်ငန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်သိရှိသတိပြုကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်