Skip to main content

ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ

တောင်ကြီး ဇွန် ၁၁

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ရှိ ဘက်စုံသုံးခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ကျောင်းအုပ်ကြီးက ကျောင်း၏ လိုအပ်ချက်များကို ရှင်းလင်းတင်ပြ၍ ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ရှိ ရေကူး ကန်၊ ဘော်လီဘောလေ့ကျင့်ရေးရုံနှင့် ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၊ လက်ဝှေ့လေ့ကျင့်ရေးရုံ၊ ပြေးခုန်ပစ်အားကစားကွင်းနှင့် ဘောလုံးအားကစားကွင်းတို့ကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ရွှေညောင်မြို့ အားကစားကွင်း၌ အသစ်ဆောက်လုပ်ပြီးဖြစ်သည့် အားကစားရုံနှင့် အားကစားကွင်းကို ကြည့်ရှုစစ်ဆေးပြီး ကလောမြို့နယ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အထွေထွေတင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဘောလုံးသင်တန်းများ လေ့ကျင့်သင်ကြားပို့ချပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)