နေပြည်တော်၊ စက်တင်ဘာ ၇
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၂/၂၀၂၀)အစည်းအဝေးအား ယနေ့ နံနက် ၉ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ များနှင့်အတွင်းရေးမှူးများ၊ ဖိတ်ကြား ထားသည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေနှင့် တစ်နှစ်လျှင် အစည်းအဝေး(၂)ကြိမ် ကျင်းပပြီး ၂၀၂၀ ပြည့်နှစ်အတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို မေလ(၇)ရက် တွင် ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ၎င်းအစည်းအဝေး တွင် ကိုဗစ်-၁၉ ဆိုင်ရာ အမျိုးသမီးကဏ္ဍအပေါ် ဆောင်ရွက်ထားရှိမှုများကို အဓိကဆွေးနွေးခဲ့ကြခြင်းဖြစ်ပါကြောင်း၊ အဆိုပါ အစည်းအဝေး တွင် ကိုဗစ်အလွန်ကာလတွင် အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးအတွက် မည်သို့ဆောင်ရွက်ကြမည် ဆိုသည်များပါ ဆွေးနွေးခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေနှင့် အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) ပါ လုပ်ငန်းဧရိယာ (၁၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နည်းပညာ ဆိုင်ရာ လုပ်ငန်းအဖွဲ့(၄)ဖွဲ့ကိုလည်း ဖွဲ့စည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ NSPAW သည် လာမည့် (၂)နှစ်အတွင်း ပြီးဆုံး တော့မှာဖြစ်သည့်အတွက် အမျိုးသမီးများအတွက် ထိရောက် အကျိုးရှိသည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးရည်ရွယ် ကာသုံးသပ်ခြင်း၊ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ထား ရှိပါကြောင်း၊
အဆိုပါ လေ့လာဆန်းစစ်ချက်များသည် ထပ်မံရေးဆွဲမည့် NSPAW Phase II အတွက် များစွာအထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးထားသည့် ပဋိ ပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေ ညာချက်ကို အကောင်အထည်ဖော်ရန်အတွက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီနှင့် လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားရှိသည့်အပြင် လုပ်ငန်းစီမံချက် (မူကြမ်း)ကို လည်း ရေးဆွဲထားရှိပြီး မကြာမီအတည် ပြုနိုင်တော့မှာဖြစ်ပကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ထိရောက်စွာ အရေးယူနိုင်ရန်နှင့် အမျိုးသမီးများကို ဥပဒေကြောင်းအရ ကာကွယ်ပေးနိုင်ရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေကို ရေးဆွဲထားရှိပြီး အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီတွင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ အမျိုးသမီးများနှင့် နေရပ်ပြန်အမျိုးသမီးများအတွက် အလုပ်အကိုင် ဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးမှုများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့ (၁၁)ဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှု များ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကော်မတီဝင်များအနေနှင့် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ချက်နှင့် ပြန်လည်ထူထောင်ရေး စီမံချက်များ ရေးဆွဲရာတွင် ကျား-မ ရေးရာ၊ COVID-19 ၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် အမျိုးသမီးများ၏ ထိခိုက်ခံရလွယ်မှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားပေးစေ လိုပါကြောင်း၊ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုနှင့်အတူ သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီများအနေနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ(၁/၂၀၂၀)အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု များနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြသည်။
ထို့နောက် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီများ၏ ဥက္ကဋ္ဌများက သက်ဆိုင်ရာဒေသအလိုက် အကောင်အ ထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များမှ ကဏ္ဍအလိုက် အကောင် အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်းများ၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)