၂၀၂၀ ပြည့်နှစ် သြဂုတ်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ တွေ့ရှိခဲ့ရပြီးနောက် ၎င်းတို့မှတစ်ဆင့် ဆင့်ပွား ကူးစက်သူ အချို့သည် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ သြဂုတ်လ တတိယပတ်မှစ၍ ရောဂါကူးစက်မှုများ နေ့စဉ်တိုးတက်များပြားလာရာ ယခုအခါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူ တစ်ထောင်ကျော်ရှိလာပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် သြဂုတ်လကုန် စက်တင်ဘာလဆန်းမှစ၍ နေ့စဉ် ရောဂါပိုးတွေ့ရှိသူ ၁၀၀ ဝန်းကျင်ဖြင့် စံချိန် တင်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သည် ရောဂါပိုး အများဆုံး တွေ့ရှိရသော ဒေသများ ဖြစ်လာသည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ခြောက်ဦးရှိခဲ့ရာမှ စက်တင်ဘာလ ၄ ရက်နေ့ နံနက်တွင် သေဆုံးသူတစ်ဦး တိုးလာခဲ့သည်။ သေဆုံးသူတွင် ရောဂါ အခံရှိသည် မှန်သော်လည်း နောက်ဖြစ် ကိုဗစ်ရောဂါပိုးဖြင့် ပထမဆုံးသေဆုံးရခြင်းဖြစ်၍ ယခု ကူးစက်ပြန့်ပွားနေမှုကို ပေါ့ပေါ့တန်တန် မတွေးဘဲ အလေးထားကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်းကာလ၌ ပြည်သူလူထုအတွင်း ကိုဗစ်- ၁၉ ရောဂါဖြစ်လျှင် သေဆုံးနိုင်ခြေ နည်းသည်ဟု ယူဆနေကြပြီး ရောဂါဖြစ်လျှင်လည်း ပြန်လည်သက်သာလွယ်သည်ဟု ထင်မြင် ယူဆ လာကြ သည်။ လူအချင်းချင်း ကူးစက်မှုဖြစ်ခဲသည်ဟု အယူအဆမှားများ ရှိလာကြသည်။ အမှန်တကယ်တွင် ကျန်းမာရေး ဝန်ထမ်းများက ရောဂါဖြစ်လျှင်ဖြစ်ချင်း အချိန်မီနိုင်နိုင်နင်းနင်း ကုသပေး နေသော ကြောင့် ဖြစ်သည်။ ယခုအခါ သက်ကြီးရွယ်အိုများသာမက ကလေးသူငယ်လူမမည်များပါ ရောဂါကူးစက်မှုခံနေရပြီး ရောဂါ တစ်ခုဖြစ်လာလျှင် မည်သည့်ရောဂါမှ လွယ်လွယ်ကူကူ သက်သက်သာသာ ရှိမည် မဟုတ်သည်ကို သတိပြု ရမည်ဖြစ်သည်။ ကိုယ်ခံအားကောင်းလျှင် ရောဂါပျောက်ကင်းလွယ်ပြီး ကိုယ်ခံအားမကောင်းခြင်း၊ ရောဂါ အခံများရှိခြင်း ဖြစ်လျှင်မူ အလွယ်တကူ ထိခိုက်ပျက်စီးနိုင်ပေသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ်လ ဒုတိယပတ်မှစတင်၍ ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိပြီးနောက် ရန်ကုန်မြို့တွင် သံသယလူနာများ၊ စောင့်ကြည့်လူနာများ၊ ရောဂါပိုးတွေ့ရှိလူနာများ နေ့စဉ်များပြားလာရာ ဆေးရုံများ၊ မြို့ရွာ များ၊ ငွေကြေး၊ ဆေးဝါး၊ ဆရာဝန်၊သူနာပြု၊သက်ဆိုင်ရာအဖွဲ့အစည်းများ မည်မျှတာဝန်များပြီး လိုအပ် ချက် များ ကြီးမားလာမည်ကို ခန့်မှန်းကြည့်နိုင်သည်။ ရောဂါတွေ့ရှိမှု များလာ သည်နှင့်အမျှ ဆရာဝန်၊ ကျန်းမာ ရေး ဝန်ထမ်း အများအပြားလိုအပ်လာပြီး ကိုဗစ်ရောဂါကုဆေးရုံများသို့ အခြားဆေးရုံများမှ ဆရာဝန်၊ ကျန်းမာ ရေး ဝန်ထမ်းများ ပူးပေါင်းဖြည့်ဆည်းပေးရသည်။ ရောဂါ တစ်ခုသည် အနာနှင့်ဆေးတွေ့မှသာ အလျှင်း ပျောက်ကင်း နိုင်သည်ဖြစ်ရာ ယခုအခါ ကိုဗစ်-၁၉ ဆေးဝါးမပေါ်သေးသဖြင့် ရောဂါဖြစ်လျှင် မည်သည့် နည်းဖြင့် ပျောက်ကင်းအောင် ကုသပေးနေသည်ကို လေ့လာ ကြည့် သင့်သည်။ ဆေးပညာ၊ ဆရာဝန်နှင့် ပစ္စည်း ခေတ်မီ အဆင့်မြင့်စွာ ပိုင်ဆိုင်ထားသည့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ကိုဗစ်ရောဂါကြောင့် နေ့စဉ် လူအများ သေဆုံး နေရသည့် ဖြစ်စဉ်မှာ ရောဂါ အခံရှိခြင်း၊ ကုသဆေးမရှိခြင်း၊ ရောဂါဖြစ်ပွားသူ များပြား လွန်းခြင်း ကြောင့် ဖြစ်သည်။
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါအခြေအနေကို အကြမ်းအားဖြင့်၊ ဗဟုသုတအားဖြင့် သိထား သင့်သည်။ မြန်မာလူမျိုးများသည် သွေးဆူလွယ်၊ သွေးအေးလွယ်သောသူများမဖြစ်သင့်။ ကောလာဟလ မမှန် သတင်း များကို နားမယောင်မိဖို့လည်းလိုသည်။ ဖြစ်ပေါ်နေသော ကပ်ရောဂါဖြစ်စဉ် အခြေ အနေမှန်ကို သိမြင် ပြီး အလေးအနက်ထား လိုက်နာဆောင်ရွက်ဖို့ လိုမည်ဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူ အဆမတန် များ လာလျှင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် မနိုင်မနင်းဖြစ်မည်မှာ သေချာသည်။ မနိုင်မနင်းဖြစ်လျှင် သေဆုံး မှုများ ရှိလာနိုင်သည်။ သေဆုံးမှုရှိမှ ကြောက်ရွံ့ခြင်း ရှိခြင်းသည် မှားယွင်း သော ခံယူချက်ဖြစ်သည်။
ရောဂါတစ်ခုသည် မဖြစ်မီက ကြိုတင်ကာကွယ်ခြင်းသည် အကောင်း ဆုံးဖြစ်သည်။ အစောပိုင်းတွင် ဖြစ်ပွားမှု နည်းပြီး ဖြစ်ပွားသည့်အထဲမှ ခြောက်ဦးသာသေဆုံးသဖြင့် ပေါ့ဆခြင်းဖြစ်ဟန်တူသည်။ ယခုအခါ ဖြစ်ပွားမှု များလာပြီး သေဆုံးသူတစ်ဦးတိုးလာသောကြောင့် မပေါ့ဆဖို့လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရက အတတ် နိုင်ဆုံး ပံ့ပိုးပေးလျက်ရှိသည်။ ကျန်းမာရေးဝန်ထမ်းများကလည်း အစွမ်းကုန်ကြိုးပမ်း ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးလျက်ရှိသည်။ အဓိကမှာ ပြည်သူများသာဖြစ်ပြီး ပြည်သူများပါဝင်မှသာ ကိုဗစ်ရောဂါ ပြန့်ပွား နေမှုကို ထိန်းချုပ်ကာကွယ်နိုင်မည်ဖြစ်သည်။ တစ်ဦးချင်း တစ်ဦးချင်းသည် မိမိတို့ကိုယ်တိုင်သာမက မိမိတို့ ပတ်ဝန်းကျင်အား ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာအချက်များကို ကိုယ်စီလိုက်နာခြင်းဖြင့် ကိုဗစ်ရော ဂါအား ဝိုင်းဝန်းကာကွယ်ထိန်းချုပ်ရမည်ဖြစ်ပါကြောင်း။ ။