ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာအရေအတွက် ၁၁၀၀ ကျော်သွားခြင်းနှင့်အတူ အာဆီယံနိုင်ငံများ ဇယားတွင် မြန်မာနိုင်ငံက ဗီယက်နမ်နိုင်ငံ၏ အထက်သို့ ရောက်ရှိသွားခဲ့သည်။ ရောဂါနှင့်စပ်လျဉ်း၍ သေဆုံး သူ အရေအတွက်အားဖြင့်လည်း တစ်ဦး တိုးသွားပြီဖြစ်သည်။
လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုက လွန်စွာလျင်မြန်နေပြီး ပိုးတွေ့လူနာအရေအတွက်အားဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံးဖြစ်စေကာမူ ပြည်တွင်းရှိ အခြားမြို့များတွင်ပါ ကူးစက်ပျံ့နှံ့မှုများကို တွေ့မြင်လာရပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်တွေ့ရသည့် ကိုဗစ်-၁၉ လူနာများ၏ ၇၅ ရာခိုင် နှုန်းသည် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြသည့်အပြင် ရောဂါပိုး၏ မြန်ဆန်သောကူးစက်မှုပုံစံကို တွေ့ရှိ ရသည့်အတွက် အမြင်အားဖြင့် ကျန်းမာနေသည့် ရောဂါပိုးရှိသူများထံမှ ထပ်မံပြန့်ပွားရန် အလား အလာ များနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်သည့် အချက်မှာလည်း လူတိုင်းသတိထားကြရမည့်အချက်ပင် ဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကူးစက်လူနာများ တွေ့ရှိမှုအပေါ်မူတည်၍ မြို့နယ် အချို့တွင် ပြည်သူများ နေအိမ်တွင် နေထိုင်ရေးအစီအစဉ် ချမှတ်ခြင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အဝင်အထွက် စိစစ်ဆောင်ရွက်နေခြင်းတို့က ကပ်ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေး လိုအပ်ချက်အရ ဆောင်ရွက်နေခြင်းဖြစ်ပြီး ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ အနိမ့်အမြင့်၊ အတက်အကျပေါ် မူတည်၍ ထိန်းချုပ်မှု သို့မဟုတ် ဖြေလျှော့မှုတို့ကို ဆောင်ရွက်သွားရမည်သာဖြစ်သည်။ ရောဂါကူးစက်ပျံ့နှံ့မှု လျင်မြန်မြင့်မားနေ သည့် အခြေအနေတွင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့အိမ်များတွင်သာ နေထိုင် ကြရန်နှင့် သက်ဆိုင်ရာမှ ရောဂါကူးစက်မှုအပေါ် ရှာဖွေဖော်ထုတ်မှုများတွင် ဝိုင်းဝန်းပူးပေါင်း ကူညီ ကြရန် တိုက်တွန်းလိုသည်။ မိမိတို့အိမ်အနီး ပတ်ဝန်းကျင် တွင် ရောဂါကူးစက်မှုဖြစ်ပွားရာဒေသများမှ လာရောက် သူများ ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းဖြင့် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်ရေးအတွက် ဝိုင်းဝန်း ကူညီနိုင်သည်။ ဤသို့ပြုလုပ်ခြင်းမှာ လူမှုအသိုင်းအဝိုင်းအပေါ် ကောင်းမှုပြုခြင်းလည်းဖြစ်သည်။ အကယ် ၍သာ ဤသို့ ဆောင်ရွက်ခြင်းမရှိပါက ထပ်ဆင့်ရောဂါ ကူးစက်မှုများဖြစ်ပေါ်ပြီး မိမိနှင့်တကွ မိမိ မိသားစု အပါအဝင် ဆက်စပ်နေသည့် အသိုက်အဝန်းများ ထိခိုက်ခံစားကြရမည်ဖြစ်သည်။ ထို့အပြင် ရောဂါ ကူးစက် ပျံ့နှံ့မှု ကျယ်ပြန့်များပြားလာသည်နှင့်အမျှ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့ ထိခိုက်ဆုံးရှုံးမှု ပိုမို ကြီးမား လာမည် ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ရောဂါကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ရေးနှင့် လျင်လျင် မြန်မြန် ထိန်းချုပ်နိုင် ရေးတို့တွင် လူတိုင်းပူးပေါင်းပါဝင်ကြဖို့လိုသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားနေသည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသ ရေးတို့ကို အစွမ်းကုန်ကြိုးပမ်းနေရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အထူး ကုဆရာဝန်ကြီးများ၊ ရောဂါဗေဒ၊ အဏုဇီဝ ဗေဒ၊ ဓာတ်မှန်နှင့် ဆေးဝါးပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြု များ၊ ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများ စသည်တို့မှာ ရခိုင်ပြည်နယ်သို့ မိမိတို့၏ ဆန္ဒ အလျောက် သွားရောက်တာဝန် ထမ်းဆောင်ကာ ကပ်ရောဂါနှင့်ရင်ဆိုင်တိုက်ပွဲဝင်ရာတွင် ပူးပေါင်း ပါဝင် ဆောင်ရွက် နေကြသည်။ မိမိတို့ပြည်သူတစ်ဦးချင်းအနေဖြင့် လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီနေထိုင်ကြခြင်းအားဖြင့် ရောဂါကူးစက် ပျံ့နှံ့မှုမဖြစ်အောင် ဆောင်ရွက် နိုင်ကြ သည်ကို မမေ့မလျော့ကြရန် လိုသည်။
ကိုဗစ်-၁၉ ရောဂါသည် မမြင်နိုင်သည့် ရောဂါဟူ၍ ဆိုနိုင်သည်။ မည်သူသည် ကူးစက်ရောဂါပိုးကို သယ်ဆောင် ထားသလဲ ဆိုသည်ကို မသိနိုင်။ လေထုနှင့်တကွ မိမိအနီးပတ်ဝန်းကျင်မှာရော ကိုဗစ်-၁၉ ရောဂါ ပိုးတို့ မည်မျှရှိနေမလဲကို သာမန်အားဖြင့် မိမိတို့ မသိမမြင်နိုင်။ သတိဖြင့်ဆင်ခြင်၍သာ ကျန်းမာရေးနှင့် ညီညွတ် စွာ နေထိုင်ခြင်းဖြင့် ကပ်ရောဂါဘေးမှ ကင်းဝေးနိုင်ကြမည် ဖြစ်ပါကြောင်း။ ။