ရန်ကုန် မတ် ၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ သုတေသနရလဒ်များနှင့် နည်းပညာများကို ဆက်စပ်ဌာနများ၊ ပြည်သူများနှင့် လုပ်ငန်းရှင်များထံ လွှဲပြောင်းဖြန့်ဝေမှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊ လန်ချန်း-မဲခေါင် စီမံကိန်းအပါအဝင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုအားကောင်းရေး ဆောင်ရွက်ရန်၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ပါ ရည်မှန်းချက် ပန်းတိုင်များ ပြည့်မီစေရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် နိုင်ငံခြားပညာတော်သင် သင်တန်းများတက်ရောက်ခဲ့ ကြသည့် ဝန်ထမ်းများက အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးကလိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ဝန်ထမ်းများအားဂုဏ်ပြု လက်ဆောင်များပေးအပ်ချီးမြှင့်သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယဝန်ကြီးသည် နိုင်ငံတော်၌ ဆိုလာစွမ်းအင် အသုံးပြုမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရန်ရည်ရွယ်၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ စီမံကိန်း(၂၀၂၂)ဖြင့် တည်ဆောက်နေသော အမျိုးသားအဆင့် Solar PV Exhibition စင်တာ၊ Technology Transfer Accelerator Hub ရှိ ဆိုလာ အသေးစားလျှပ်စစ်ဓာတ်အား ကွန်ရက်စနစ်နှင့် လေ့ကျင့်ရေးစင်တာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမျိုးသားဓာတ်ခွဲခန်းများကို လှည့်လည်ကြည့်ရှုကာ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိရေး ဆောင်ရွက်ရန်မှာကြားပြီး တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ)ရှိ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိရန်ဆောင်ရွက်လျက်ရှိသည့် ဖိအားတိုင်းတာ ဓာတ်ခွဲခန်း (Pressure Laboratory)နှင့် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO/IEC 17025) ရရှိပြီးသောဒြပ်ထုတိုင်းတာဓာတ်ခွဲခန်း (Mass Laboratory)တို့မှ တိုင်းတာရေး ပစ္စည်းကိရိယာများနှင့် Dimensional Laboratory တွင် တရုတ်-မြန်မာ ပူးတွဲသုတေသနလုပ်ငန်း စီမံကိန်းမှရရှိခဲ့သည့် တိုင်းတာရေး ပစ္စည်းကိရိယာများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဦးစီးဌာန၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ချက်များမှာ MSME လုပ်ငန်းများဆိုင်ရာ အသုံးချနည်းပညာ လွှဲပြောင်းမှု ၃၇ ခု၊ အသုံးချနည်းပညာ ဖြန့်ဝေ ဆွေးနွေးပွဲ ၂၇ ကြိမ်၊ အသုံးချ နည်းပညာသင်တန်း ၃၁ ခုမှ သင်တန်းသား ၇၇၁ ဦးနှင့် စံချိန် စံညွှန်းသင်တန်း ၁၀ ခုမှ သင်တန်း သား ၈၃၆ ဦးတို့ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး ဓာတ်ခွဲ စမ်းသပ်ခြင်းနှင့် စံတိုင်းတာရေးဆိုင်ရာ ဓာတ်ခွဲဝန်ဆောင်မှုများမှ ရရှိငွေ စုစုပေါင်းငွေကျပ် ၄၀၀ ဒသမ ၈၀၁၅ သန်းကို နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းနိုင်ခဲ့သည်။ ထို့အပြင် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ လက်တွေ့ကျွမ်းကျင်သင်တန်းများကို ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ စုစုပေါင်း သင်တန်း ၂၇ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်း ၈၆၅ ဦးရှိပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစတင်၍ မြန်မာစံချိန်စံညွှန်းများကို ချမှတ်နိုင်ခဲ့ရာချမှတ်ပြီး မြန်မာစံချိန်စံညွှန်း ၈၁၉ ခု ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်