ရန်ကုန် စက်တင်ဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေ တစ်သက်တာဆု စိစစ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဆုရွေးချယ်ရေးနှင့် စာပေဆုချီးမြှင့်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်း အမှတ် (၁၈-အေ) ရှိ စာဆိုဗိမာန်အဆောက်အအုံ သုံးထပ် (RC) ဆောက်လုပ်နေမှုနှင့် စာပေဗိမာန်စာကြည့်တိုက် ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီးက ဆောက်လုပ်နေမှုအား သတ်မှတ်ချိန်အမီပြီးစီးရေး၊ အရည်အသွေးကောင်းမွန်ရေးနှင့် အဆောက်အအုံပြီးစီးမှုနှင့်အတူ ပရိဘောဂနှင့် ခင်းကျင်းပြသရေးဆိုင်ရာများ တစ်ပြိုင်တည်းပြီးစီးရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံသို့ ရောက်ရှိကာ ဝဇီရာရုပ်ရှင်ရုံအား ရှေးဟောင်းလက်ရာမပျက် ပြုပြင်မွမ်းမံပြီး နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် တည်ဆောက်ပြုပြင်ရေးဆောင်ရွက်ရန် လျာထားသည့် ကုမ္ပဏီနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ ဆောင်ရွက်မည့် အစီအမံများ အမြန်ပြုစုတင်ပြနိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။
သတင်းစဉ်