Skip to main content

ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ကို ဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း

နေပြည်တော် စက်တင်ဘာ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာရှိ တောင်သူ ဦးမောင်သင်၏ ပေါင်းစည်းလယ်ယာဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွင် နို့စားနွား၊ ဒေသနွား၊ ဆိတ်နှင့် ဥဘဲမွေးမြူထားရှိမှု၊ ငါးမွေးမြူထားရှိမှုနှင့် အောင်နိုင်တိုး စပါး ၈၁ ဧက စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် မွေးမြူရေးသမားများကို စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆိုင်ရာ လိုက်နာဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးပြောကြားသည်။

ယင်းနောက် တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာအုပ်စုရှိ မွေးမြူရေးသုတေသနဦးစီးဌာန မွေးမြူရေးသုတေသနစခန်း (ရွှေမြို့) ၌ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ပျားမျိုးစိတ်များ၏ မျိုးဗီဇအချက်အလက်များကို ကမ္ဘာ့မျိုးဗီဇဘဏ် (GenBank) ၌ မှတ်ပုံတင်နိုင်ရေး၊ မြန်မာနိုင်ငံအမည်ဖြင့် ပျားဖယောင်း၊ ပျားနို့၊ မှတ်ပုံတင် ဆောင်ရွက်ပြီး မြန်မာ့ပျားရည်နှင့် ပျားထွက်ပစ္စည်း၊ ပျားဝတ်မှုန်၊ ပျားကော်၊ ပျားဆိပ်စသည့် မြန်မာ့ပျားထွက်ကုန်များ(Bee Products of Myanmar)အဖြစ် တံဆိပ်ခတ်နှိပ်၍ ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အသုံးချသုတေသနလုပ်ငန်းများနှင့် စျေးကွက်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပျားမွေးမြူရေးတောင်သူများ ပျားလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဌာနစုတာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သို့ သွားရောက်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးတောင်သူများအား တိရစ္ဆာန်အစာပြုပြင်ထုတ်လုပ် ကျွေးမွေးမည့် နည်းပညာသင်တန်းများ လေ့ကျင့်သင်ကြားပေးရန် မွေးမြူရေးဆိုင်ရာ လေ့ကျင့်ရေးသင်တန်းခန်းမ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ကျေးလက်နေ ပြည်သူတို့၏ လူနေမှုဘဝမြှင့်တင်ပေးနိုင်ရန်အတွက် မွေးမြူသူများ၏ အရည်အသွေးမြှင့်တင်ပေးရန် ရည်ရွယ်တည်ဆောက်လျက်ရှိသည့် အဆိုပါသင်တန်းခန်းမတွင် မွေးမြူသူတောင်သူများအတွက် တိရစ္ဆာန်အစာပြုပြင်ထုတ်လုပ်ခြင်း နည်းပညာနှင့် မွေးမြူရေးနည်းစနစ်များဆိုင်ရာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ အနယ်နယ်အရပ်ရပ်မှ တက်ရောက်လာကြသည့် မွေးမြူရေးသင်တန်းသား ၁၂၀ ကို လေးကြိမ်ခွဲ၍ နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်