နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်(၉)ရပ်ကို ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ စီးပွားရေးဦးတည်ချက်တွင် ပါဝင်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကိုချမှတ်ပြီး တွန်းအား ပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့စီးပွားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက် လျက်ရှိရာတွင် ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေး အတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံကာ အရည်အသွေး ကောင်းမွန်သည့် ကုန်ချောများထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းဖြစ်သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ “အိုးသူကြီး” အမှတ် တံဆိပ်အခြေခံစား သောက်ကုန်လုပ်ငန်း (Great Arian Development Co.,Ltd.)၏ ဒါရိုက်တာ ဦးတင်ငြိမ်းဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြ လိုက်ရပါသည်-
မေး။ ။ “အိုးသူကြီး” အခြေခံစားသောက်ကုန် လုပ်ငန်းကို စတင်တည်ထောင်ဖြစ်ခဲ့ပုံကို သိပါရစေ။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့လုပ်ငန်းက သိပ်မကြာသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ကမှ ထုတ်လုပ်ခဲ့ တဲ့အတွက် တစ်နှစ်သက်တမ်းပဲ ရှိပါသေးတယ်။
မေး။ ။ လုပ်ငန်းအတွက် လိုအပ်တဲ့ကုန်ကြမ်း တွေကို ဘယ်ဒေသတွေက ရခဲ့ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ထုတ်လုပ်တဲ့ ကုန်ကြမ်း အများစုကတော့ အဓိကအားဖြင့် ရခိုင် ဒေသကကုန်ကြမ်းတွေဖြစ်ပါတယ်။ ဒေသက ကုန်ကြမ်းတွေဖြစ်တဲ့အတွက် စိုက်ပျိုးရေးကို အခြေခံပြီး ထုတ်လုပ်တာကြောင့် တချို့ထုတ်ကုန်တွေကို ကျွန်တော်တို့ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်ခြင်းဖြစ်ပါတယ်။
မေး။ ။ ကုန်ချောအမျိုးအစား ဘယ်နှမျိုး ထုတ်လုပ်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့လုပ်တဲ့ ကုန်ချောတွေထဲမှာ ငရုတ်သီးမှုန့်အမျိုးမျိုး၊ မဆလာ၊ ထမင်းနဲ့နယ်စားတဲ့ ထမင်းသုပ်အနှစ်ဘူးတွေ ထုတ်လုပ်ပါတယ်။ ဒါ့အပြင် ပဲဆီစတဲ့ စားသောက် ကုန်တွေလည်း စမ်းသပ်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။
မေး။ ။ ပြည်တွင်း ထုတ်ကုန်တွေအနေနဲ့ ဘယ်ဒေသတွေကို ပို့ဖို့အစီအစဉ်ရှိပါသလဲ။ ရခိုင်ဒေသအပြင် အခြားဒေသတွေရှိရင်ပြောပြပေးပါ။
ဖြေ။ ။ ထုတ်ကုန်တွေကို ဒေသအတွင်းသာမက ပြည်ပကို ထုတ်ဖို့အထိ အဆင့်မီအောင် စားသောက်ကုန်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင်ထုတ်လုပ်ဖို့ စတင်လုပ်ဆောင်နေဆဲမှာ မမျှော်လင့်ဘဲ မိုခါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်သွားတဲ့အတွက် ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ အားနည်းသွားတယ်လို့ ပြောရပါမယ်။
မေး။ ။ ဆရာတို့လုပ်ငန်းတွေအနေနဲ့ MSME လုပ်ငန်းအဖြစ်နဲ့ ဆောင်ရွက်မှုတွေကို ပြောပြ ပေးပါ။
ဖြေ။ ။ ကျွန်တော်တို့ထုတ်ကုန်အနေနဲ့ MSME လုပ်ငန်းတွေမှာ ပြည်နယ်အတွင်း ဒေသ အတွင်းမှာ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေထက် အားနည်းတာကို တွေ့ရပါတယ်။ အထူးသဖြင့် ရခိုင်ဒေသမှာ ရေခံမြေခံကောင်းတယ်။ စိုက်ပျိုးထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ထုတ်ကုန်ထုတ်လုပ်မှုဟာ ဒီအချက်တွေနဲ့ဆန့်ကျင် ပြီး အားနည်းတာကို တွေ့ရပါတယ်။ အဲဒီတော့ ဒေသတွင်းထုတ်ကုန်တွေ ထုတ်လုပ်တဲ့အခါ ကိုယ့်ဒေသမှာ စိုက်ပျိုးထုတ်လုပ် တဲ့တောင်သူ တွေလည်း ပိုအားစိုက်ပြီး စိုက်ပျိုးထုတ်လုပ် နိုင်အောင် ဒီစက်ရုံကို တည်ထောင်ပြီး ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်ပါတယ်။
မေး။ ။ ထုတ်ကုန်ပစ္စည်းဈေးနှုန်းတွေ ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ဈေးနှုန်းတွေအနေနဲ့ကတော့ ထုတ်ကုန်အရွယ်အစားအလိုက် အမျိုး မျိုးရှိပါတယ်။ အထူးသဖြင့် ထုတ်ကုန်အားလုံးဟာ စားသောက်ကုန်ဖြစ်တဲ့အတွက် စံချိန်စံညွှန်း ကောင်းမွန်အောင် အထူးထုတ်လုပ်ထားပြီး သာမန် ပြည်သူတွေ စားသုံးနိုင်အောင် ဈေးနှုန်း သတ်မှတ် ရောင်းချထားတာဖြစ်ပါတယ်။
မေး။ ။ ထုတ်ကုန်တွေ ပြည်ပနိုင်ငံကို ပို့ခဲ့တာ ရှိပါသလား။
ဖြေ။ ။ ပြည်ပနိုင်ငံကို ပို့တာမရှိသေးပါဘူး။ ပို့ဖို့ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ရခိုင်ပြည်နယ်က တစ်ဖက်မှာ ဈေးကွက်အရ လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိပါတယ်။ သူတို့ဘက်ကလည်း ကျွန်တော်တို့ဘက်က ထုတ်ကုန်တွေကို စိတ်ဝင်စားပြီး လာရောက် ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ထုတ်လုပ်ရောင်းချတဲ့ အဆင့်အထိတော့ မရောက်သေးပါဘူး။
မေး။ ။ လက်ရှိနိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြည်တွင်းထုတ်ကုန် တွေကို ဦးစားပေးဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် “အိုးသူကြီး” လုပ်ငန်းက ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော်တို့ ထုတ်ကုန်တွေဟာ ငရုတ်သီးဆိုလည်း ကိုယ်တိုင်စိုက်ပါတယ်။ အခြားသီးနှံတွေကိုလည်း လာမယ့်နှစ်မှာ နိုင်ငံတော်အစိုးရရဲ့အကူအညီနဲ့ ဆောင်ရွက်ဖို့လျာထား တာလည်း ရှိပါတယ်။ ဒီထုတ်ကုန်တွေဟာ ကိုယ့်ဒေသတွင်းစိုက်တဲ့ ထုတ်ကုန်တွေဖြစ်တဲ့အပြင် ထုတ်ကုန်တွေကို အခြောက်လှန်း၊ နေလှန်းတဲ့အခါ မှာ Solar Dryer လို့ခေါ်တဲ့ နေရောင် ခြည်စွမ်းအင် အသုံးချတဲ့တုံးတွေနဲ့ နေလှန်းတဲ့စနစ်နဲ့သွားနေပါတယ်။ ဒီလိုလုပ်တဲ့အတွက် ကိုယ့်ရဲ့ထုတ်ကုန်တွေလည်း သန့်ရှင်းမှုရှိတယ်။ နေလှန်းလိုက်၊ ပြန်သိမ်းလိုက်ဆိုတဲ့ ကြန့်ကြာမှု တွေကိုလည်း ကာကွယ်ပြီးသားဖြစ်တယ်။ အရည်အသွေး၊ အရောင်အသွေးကအစ နောက်ဆုံး ကျေးငှက်တိရစ္ဆာန်တွေရဲ့ အန္တရာယ်တွေအထိ ကာကွယ်ပြီးသားဖြစ်တဲ့ အတွက် ဒီထုတ်ကုန်တွေမှာ မှိုလုံးဝမရှိတဲ့ စားသောက်ကုန်တွေဖြစ်ပါတယ်။ မီးဖိုချောင်သုံး စားသောက် ကုန်ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အထူးလိုအပ်ပါတယ်။ အဲဒီအချက်ကိုတော့ ဂရုစိုက်ပြီး ထုတ်လုပ်ပေးနေပါတယ်။
မေး။ ။ ထုတ်ကုန်တွေမှာ ငရုတ်သီးမှုန့်၊ မဆလာတို့အပြင် ဆီထုတ်လုပ်မှုရော ရှိပါသလား။
ဖြေ။ ။ ဆီကိုတော့ ပါကင်ထုပ်ပြီးရောင်းတဲ့ အဆင့်ပဲရှိပါသေးတယ်။ ကိုယ်တိုင်
မကြိတ်နိုင်သေးပါဘူး။ နောင်ကိုတော့ ဒီဒေသမှာ မြေပဲ၊ ပဲ စတာတွေကို စိုက်ပျိုးပြီး ဆီထုတ်လုပ်နိုင် အောင် ကြိုးစားသွားပါမယ်။ လတ်တလောမှာတော့ အခြားဒေသကလာ တဲ့ဆီကို ထုပ်ပိုးမှုစနစ် ကောင်းကောင်းနဲ့ ရောင်းချခြင်းဖြစ်ပါတယ်။
မေး။ ။ အိုးသူကြီးလုပ်ငန်းအနေနဲ့ အလုပ် အကိုင်အခွင့်အလမ်း ရရှိဖို့နဲ့ ပြည်တွင်း ထုတ်ကုန်အဖြစ် ဆောင်ရွက်လိုတဲ့ပြည်သူတွေ အတွက် အားပေးစကားပြောပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် ဒေသနေပြည်သူတွေ ထိခိုက်ခဲ့ရပါတယ်။ ထိခိုက်တဲ့အခါမှာလည်း လုပ်ငန်းတွေအများအပြား ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ အဲဒီအပေါ်မှာ အများစုဟာ ရုန်းကန်နေရပါတယ်။ ပျက်စီးသွားတဲ့ စက်ရုံ၊ ပရဝဏ်တွေ၊ စက်ပစ္စည်းတွေ အသစ်ပြန်မသုံး နိုင်တဲ့အချိန်မှာ ရှိရင်းစွဲရှိ နေတဲ့အနေအထားက အကောင်းဆုံးနိုးထဖို့လိုပါတယ်။ ဝန်ထမ်းတွေ အလုပ်လက်မဲ့မဖြစ်အောင် တစ်ဖက်မှာပိုပြီးချိန်ဆ ကြိုးစားဆောင်ရွက်နေပါတယ်။ မကြာခင်အချိန် အတွင်းမှာလည်း နိုင်ငံတော်ရဲ့ပံ့ပိုးမှုနဲ့အတူ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို ဆတက်ထမ်းပိုး အောင်မြင်အောင်၊ ကိုယ့်ဒေသကထုတ်ကုန်တွေကို အဆင့်အတန်းမီတဲ့၊ အရည်အသွေးမီတဲ့ ထုတ်ကုန်တွေ များစွာ ထုတ်လုပ်နိုင်ဖို့ ကြိုးစားဆောင်ရွက်သွားပါမယ်။
မေး။ ။ ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်။ အခုလိုမေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ အိုးသူကြီးလုပ်ငန်းမှ ဒါရိုက်တာ ဦးတင်ငြိမ်းဦးကို အထူးကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ရော၊ လုပ်ငန်းအနေနဲ့ရော ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကို အထူးကျေးဇူးတင် ပါတယ်။ ။
တွေ့ဆုံမေးမြန်း-ဆောင်ဝတီ
ဓာတ်ပုံ -ခင်ဝင်း(ပြန်/ဆက်)