နေပြည်တော် အောက်တိုဘာ ၁၅
အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှစတင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ရေနစ်မြုပ်မှုကြောင့် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ရသည်။
အောက်တိုဘာ ၁၁ ရက်မှစ၍ ရေများပြန်လည်ကျဆင်းလာပြီးနောက် လမ်းပိုင်းများအတွင်းသို့ မြန်မာ့မီးရထားတာဝန်ရှိသူများက လမ်း၏ကြံ့ခိုင်မှုအခြေအနေကို ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး ကျောက်ချခြင်း၊ ကျောက်စီခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် အောက်တိုဘာ ၁၄ ရက်တွင် ကျောက်ရထားတွဲဆိုင်း ၁၄ တွဲပါ ဝန်ပြည့်တင်ဆောင်ပြီး ရေနစ်မြုပ်ခဲ့သည့်လမ်းပိုင်းဖြစ်သော ပဲခူး-ကလိ-နောင်ပတ္တရားနှင့် ပဲခူး-ဘုရားကြီးရထားလမ်းပိုင်းတို့အား အသွား/အပြန်စမ်းသပ်မောင်းနှင်၍ ရထားများသွားလာနိုင်ပြီဖြစ်သဖြင့် အောက်တိုဘာ ၁၄ ရက်မှ စတင်ပြီး ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင်လူစီးရထားများ ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲပေးလျက်ရှိသည်။
လိုက်ပါစီးနင်း
ယနေ့ ရန်ကုန် - မန္တလေးလမ်းပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ထွက်ခွာသော အမှတ် ၅ အဆန် လူစီးအမြန်ရထားတွင် အထက်တန်း/ရိုးရိုးတန်း ခရီးသည် ၂၉၃ ဦးနှင့် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ထွက်ခွာသော အမှတ် ၃ အဆန် လူစီးအမြန်ရထားတွင် အထက်တန်း/ရိုးရိုးတန်း ခရီးသည် ၁၅၈ ဦး၊ မန္တလေးဘူတာကြီးမှ ညနေ ၃ နာရီတွင် ထွက်ခွာလာသော အမှတ် ၆ အစုန် လူစီးအမြန်ရထားတွင် အထက်တန်း/ရိုးရိုး တန်း ခရီးသည် ၂၂၅ ဦးနှင့် ညနေ ၄ နာရီတွင် ထွက်ခွာလာသော အမှတ် ၄ အစုန်လူစီး အမြန်ရထားတွင် အထက်တန်း/ ရိုးရိုးတန်း ခရီးသည် ၆၈ ဦး လိုက်ပါစီးနင်းခဲ့သည်။
ပုံမှန်ပြန်လည်ပြေးဆွဲပေး
ထို့အတူ ရန်ကုန် - မော်လမြိုင် လမ်းပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီ မိနစ် ၃၀ တွင် ထွက်ခွာသော အမှတ် ၈၁ အဆန် လူစီးအမြန်ရထားတွင် အထက်တန်း/ရိုးရိုးတန်း ခရီးသည် ၂၇၆ ဦးနှင့် မော်လမြိုင်မှ နံနက် ၈ နာရီ မိနစ် ၃၀ တွင် ထွက်ခွာလာသော အမှတ် ၈၂ အစုန် လူစီးအမြန်ရထားတွင် အထက်တန်း/ရိုးရိုးတန်း ခရီးသည် ၂၆၀ လိုက်ပါစီးနင်းခဲ့သည်။ ရထားလမ်းပိုင်း ရေကြီးနစ်မြုပ်မှုကြောင့် ရထားများ တစ်ပတ်ခန့်ရပ်နားခဲ့ရပြီး ယခုပုံမှန်ပြန်လည်ပြေးဆွဲပေးရာတွင် ရထားစီးခရီးသည်စီးနင်းမှုများပြားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်