Skip to main content

နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၄

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ငါးနှစ်လျှင်တစ်ကြိမ် ကောက်ယူရန် ရည်မှန်းချက်နှင့်အညီ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တိုင်းဒေသကြီး/ပြည်နယ် ၁၃ ခု၊ မြို့နယ် ၂၁၅ မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး ဗဟိုကော်မတီ အစည်းအဝေးခန်းမ၌ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက တိရစ္ဆာန်ကောင်ရေစာရင်းမှာ အချိန်နှင့်အမျှ ပြောင်းလဲနေသည့်အတွက် နှစ်စဉ်ကောင်ရေစာရင်းကောက်ယူခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အရေအတွက်၏ ၁၀ ရာခိုင်နှုန်းတွင် နှစ်စဉ် ကြားဖြတ်ကောင်ရေစာရင်း ကောက်ယူခြင်းကို ၂၀၂၂ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး နှစ်အလိုက် မွေးမြူရေးကောင်ရေပြောင်းလဲမှုကို ခန့်မှန်းပေးနိုင်ခဲ့ကြောင်း၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းစီမံချက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး ကြိုးပမ်းချက်အပေါ် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ အားလုံးက လုပ်ငန်းစဉ်အဆင့်ဆင့် အောင်မြင်ပြီးမြောက်ရန်အတွက် ပါဝင်အကြံပြု ဆွေးနွေးပေးကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က မူဝါဒချမှတ်ခြင်း၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမည့်နည်းလမ်းများ၊ မေးခွန်းပုံစံနှင့်ဇယားများ သတ်မှတ်အတည်ပြုခြင်း၊ စာရင်းကောက်ယူမည့် အချိန်ကာလနှင့် သင်တန်းကာလများ သတ်မှတ်ပေးခြင်း၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ဘဏ္ဍာရေးအသုံးစရိတ်များ လျာထားသတ်မှတ်ခြင်း၊ ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဗဟိုကော်မတီမှ ဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီအတွင်းရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်