Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ  ၁၄

ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင်  တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏  စွမ်းဆောင်ရည် စဉ်ဆက်မပြတ် တိုးတက်မြင့်မားစေရန်၊ ကွန်ပျူတာအခြေပြုရုံးလုပ်ငန်းဆိုင်ရာ  အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအဆင့်မြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇)စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဆန်းမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးသန်းဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား  သင်တန်းသူများ  တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်းမှ သင်ကြားပေးလိုက်သည့် နည်းပညာများကိုအသုံးပြု၍ ရုံးလုပ်ငန်းများကို လွယ်ကူစွာဆောင်ရွက်နိုင်ကြရမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ယခုကဲ့သို့ လုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ်သွားခြင်းဖြင့် ဝန်ထမ်းအားလုံး ကွန်ပျူတာတတ်ကျွမ်းလာပြီး ရုံးလုပ်ငန်းစီမံခန့်ခွဲခြင်းနှင့် ဝန်ဆောင်မှုများပေးရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း မှာကြားပြီး သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်သည်။

သင်တန်းတွင် Communication Tool များ အသုံးပြုခြင်း၊ e-mail အသုံးပြုနည်း၊ Video Editing၊ Adobe Photoshop CS3 (Level 2) ၊ Advanced Excel၊ Hyper Text Markup Language (HTML)နှင့် Office Equipment များ အသုံးပြုခြင်း စသည်တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်