Skip to main content

လူမှုဖူလုံရေးအဖွဲ့၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၃

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ ယုံကြည်ကိုးစားရသည့် လူမှုဖူလုံရေးစီမံကိန်းအဖြစ် အကောင်အထည်ဖော်နိုင်ရန် လက်ရှိဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲလုပ်ကိုင်နေမှုနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ထဲထဲဝင်ဝင်သိရှိပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အားဖြင့် လူမှုဖူလုံရေးစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက် အာမခံအလုပ်သမားများ၏ လူမှုစီးပွားဘဝ လုံခြုံမှုရရှိရေးကို အလေးထား ဆောင်ရွက်ပေးနေမှုအပေါ် ဝန်ထမ်းအားလုံး တန်ဖိုးထားဂုဏ်ယူရမည်ဖြစ်ကြောင်း။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ လိုက်နာကျင့်ကြံရမည့် ဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲများ၊ ဦးစီးဌာန၊ အဖွဲ့များမှ စစ်ဆေးစည်းကြပ်သည့် အလုပ်သမားရေးရာဥပဒေ၊ နည်းဥပဒေများကို ကျေညက်စွာ သိရှိနားလည်ပြီး လိုက်နာကြရန်နှင့် ပေးအပ်သည့်တာဝန်များကို စိတ်စေတနာကောင်းဖြင့် ကျေပွန်စွာ ထမ်းဆောင်ရန်၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး စည်းကမ်းရှိ၍ စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားရန် တိုက်တွန်းပြောကြားသည်။

သတင်းစဉ်