Skip to main content

တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၀

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အောက်တိုဘာ ၆ ရက်က အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Remote Control Toy Car ၇၂ ခု အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၆၀၀၀၀) ကိုလည်းကောင်း၊ အောက်တိုဘာ ၈ ရက်က မြဝတီကုန်သွယ်ရေးဇုန်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Cement Ceiling Board ၁၅၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၀၀၀၀)ကိုလည်းကောင်း၊ အောက်တိုဘာ ၉ ရက်က အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Gasoline Engine အခု ၇၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၅၀၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Laser Toner Cartridge အခု ၆၄၀၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၂၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Sein Tun MPV တစ်စီးနှင့် Nissan Caravan တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Fancy မလက်ကိုင်အိတ် ၂၁၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၆၅၄၅၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၉၄၄၅၄၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အောက်တိုဘာ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၀)မိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Shoes ဖိနပ် အရံ ၂၅၀၊ Super Colour ခေါင်းလျှော်ရည် ၆၈၇၅ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၉၄၄၃၄၅) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Isuzu Giga Truck တစ်စီး၊ Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် (၁) တွဲ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀၀၀၀၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂၉၄၄၃၄၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာ ၈ ရက်က ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျားကလေး-ဇာသပြင်-မော်လမြိုင်လမ်း၊ ကျားကလေးကျေးရွာအနီး၌ မြဝတီမြို့မှ ဇာသပြင်သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Choco Pie မုန့် ၈၄ ဘူး၊ C-Vitt အချိုရည်ဘူး ၆၀၀၊ Crispy–Joy မုန့်ဘူး ၇၂၀ အပါအဝင် ကုန်ပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၅၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် 20၀၀၀၀၀၀၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၂၅၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အောက်တိုဘာ ၆ ရက်၊ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၅၆၄၄၇၉၅ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်