Skip to main content

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးစီးသည့်အဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၀

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီး မင်းနောင်ဦးစီးသည့်အဖွဲ့သည် ယနေ့တွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် သစ်တွန်ကျေးရွာအုပ်စု၊ ဘိုတဲကျေးရွာသို့ ရောက်ရှိကြပြီး ဒေသခံရွာသူ၊ ရွာသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှုအခြေအနေများကိုမေးမြန်း၍ ကျေးရွာတွင်း သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် အခြားကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 ပြုစုပျိုးထောင်မွေးထုတ်ပေး

ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ဖလောင်းကျေးရွာသို့ရောက်ရှိပြီး ဖလောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ ဒေသဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများအနေဖြင့် အသိပညာဗဟုသုတများပြည့်ဝရန် အရေးကြီးကြောင်း၊ ထို့ကြောင့် ဆရာ ဆရာမများအနေဖြင့် မျိုးဆက်သစ်ကလေးငယ်များကို အတန်းပညာအပြင် အသိပညာအတတ်ပညာရပ်များကိုလည်း သင်ကြားပေးစေလိုကြောင်း၊ ကလေးငယ်များ အနာဂတ်ရည်မှန်းချက်များကိုယ်စီရရှိ၍ ဒေသကိုပြန်လည်အကျိုးပြုနိုင်သည့် ပညာတတ်များဖြစ်လာစေရန် ပြုစုပျိုးထောင်မွေးထုတ်ပေးစေလို ကြောင်းနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူကြစေလိုကြောင်းမှာကြားကာ ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာများ ဝေငှပေးသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်သည် ဖလောင်းကျေးရွာရှိ သုဓမ္မဝတီကျောင်းတိုက်၌ သစ်တွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ဌာနဆိုင်ရာဝန် ထမ်းများ၊ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီအဖွဲ့ဝင်က မိမိအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြေပြန့်နှင့်တောင်ပေါ်ဒေသ၊ ကျေးလက်နှင့် မြို့ပြဒေသ လူနေမှုအဆင့်အတန်း ကွာခြားမှုနည်းပါးစေရေးရည်ရွယ်၍ အဓိကထား ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သစ်တွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌လည်း ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတိုးတက်ရေးတို့ကို အဓိကထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ထို့ပြင် ဒေသခံပြည်သူများအတွင်းမှ မျိုးဆက် သစ်ပညာတတ်များမွေးထုတ်ပေးနိုင်မှသာ မိမိဒေသကို ပြန်လည်အကျိုးပြုနိုင်မည်ဖြစ်သည့်အတွက် တောင်ပေါ်ဒေသနေ ပြည်သူလူထုစာတတ်မြောက်ရေးအတွက်လည်း မိမိအနေဖြင့် ကြိုးပမ်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း မိမိဒေသလိုအပ်ချက်များကို ပွင့်လင်းစွာ တင်ပြစေလိုကြောင်း၊ သို့မှသာ မိမိအနေဖြင့် အထက် အကြီးအကဲများသို့တင်ပြ၍ ဘဏ္ဍာနှစ်များ လျာထားသတ်မှတ်ပြီး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည်လည်း အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်သားတည်းရှိပြီး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် သစ်တွန်ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းများ၊ အိမ်ထောင်စုများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် ပန်းပေါင်းစုံဘုရားဆင်းတုတော်များ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆိုလာပြားများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များ၊ ဆေးစိမ် ခြင်ထောင်များ၊ ဆေးဝါးများ၊ မျိုးစေ့များ၊ First Aid Kit များ၊ အသက် ၈၅နှစ်နှင့် အထက် သံဃာတော်နှင့် အဘိုးအဘွားများအတွက် ထောက်ပံ့ငွေများနှင့် ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ထောက်ပံ့လှူဒါန်းပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ကျောင်းအုပ်ဆရာမကြီးများ၊ ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လက်ခံရယူကြသည်။

ယင်းနောက် ဒေသခံတိုင်းရင်းသားပြည်သူများက မိမိတို့ဒေသအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ဆက်လက်၍ ဒေသခံတိုင်းရင်းသားပြည်သူများကိုယ်စား သစ်တွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေး

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ကြရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ကျေးရွာသူ ကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်း၊ နေပြည်တော်ကုသရေးဦးစီးဌာန နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဖလောင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် နေပြည်တော် လမ်းဦးစီးဌာနမှကျေးရွာအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

သတင်းစဉ်