Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍစကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဇေယျာသီရိမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့်ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က နိုင်ငံ၏အနာဂတ် အင်အားများဖြစ်သည့် လူငယ်များကို ကောင်းမွန်သည့်ကိုယ်ကျင့်တရားနှင့် မှန်ကန်သည့် အတွေးအမြင်များရှိစေရန် လက်ဦးဆရာများဖြစ်သည့် မိဘနှင့် ဆရာတို့က ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ကျောင်းသား လူငယ်များကိုကောင်းမွန်သည့် ကိုယ်ကျင့်တရားနှင့် လူမှုတန်ဖိုးများကို နားလည်လိုက်နာကျင့်သုံးတတ်စေရန် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး အသိပညာပေး ဆရာကိုင် စာအုပ်များကိုပြုစုခဲ့ပြီး မူလတန်းအဆင့်မှ Grade-11 အထိ သင်ကြားနိုင်ရေးအတွက် သင်ခန်းစာများတွင် ထည့်သွင်းရေးဆွဲခဲ့ ပြီးဖြစ်ကြောင်း၊ ဆရာ ဆရာမများ အနေဖြင့်လည်း လူငယ်များကို နိုင်ငံတော်၏အနာဂတ် ခေါင်းဆောင်များအဖြစ် ပေါ်ပေါက်လာစေရန် စေတနာ၊ ဝါသနာ၊ အနစ်နာ အရင်းခံ၍ ပြုစုပျိုးထောင်ပေးကြရန်နှင့် လူငယ်များအနေဖြင့်လည်း နေ့စဉ်ဘဝတွင် ကြုံတွေ့ရသည့် အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှန်ကန်စွာ ပိုင်းခြားသိမြင်ပြီး ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးကြရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်ဖြေကြားကြသည်။

ထို့ပြင် မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ် (၈) အခြေခံပညာ အလယ်တန်းကျောင်း၌ ကော်မရှင်ရုံးခွဲ (မော်လမြိုင်) မှ အရာထမ်းတစ်ဦးက အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကော်မရှင်မှထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာများနှင့် ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်