မူဆယ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရပ်ကွက်အသီးသီးမှ စားရေးအခက်အခဲရှိနေသည့် အသက်(၇၀)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် မသန်စွမ်းသူများအား ဆန်နှင့်ဆီအပါအဝင် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းရန်အတွက် မူဆယ်မြို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက် “ကမ်းလက်ကူညီပရဟိတအသင်း” ဥက္ကဋ္ဌ ဦးဝင်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးစိန်လှအောင်နှင့် အသင်းသူ၊ အသင်းသားများ၊ မူဆယ်မြို့နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ မေတ္တာပန်းခင်းပရဟိတအသင်းဥက္ကဋ္ဌ ဦးချိုတူးနှင့်အသင်းသားများ၊ စေတနာပရဟိတအသင်းဥက္ကဋ္ဌနှင့် အသင်းသူ၊ အသင်းသားများ၊ ရွှေလင်းရောင်ပရဟိတအသင်းဥက္ကဋ္ဌနှင့် အသင်းသူ၊ အသင်းသားများ၊ မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ စသည့်ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၄ ရက်က မူဆယ်မြို့၌ကွင်းဆင်းပြီး အမည်စာရင်းများ ကောက်ခံခဲ့ကြောင်း သိရသည်။
ထိုသို့ အမည်စာရင်းကောက်ခံရရှိထားသည့် အသက်(၇၀)နှစ်နှင့် အထက် အဘိုးအဘွားများ၊ မသန်စွမ်းအဘိုးအဘွားများနှင့် အခြားအခြေခံလူတန်းစား စုစုပေါင်း ၄၀၀ ကျော်တို့အား အောက်တိုဘာ ၁၀ ရက်က မူဆယ်မြို့ ရဟတ်ယာဉ်ကွင်းအနီး ကားလမ်းဘေးတွင် ဆန်နှင့် ဆီအပါအဝင် အခြားအခြေခံစားသောက်ကုန်များဖြစ်သော ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့လှူဒါန်းပေးသည်။
လှူဒါန်းပေးမှုအပေါ် မူဆယ်မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးစိန်လှအောင်က “ကျွန်တော်တို့ အခုလိုထောက်ပံ့လှူဒါန်းပေးဖို့အတွက် အလှူရှင်၊ ကုသိုလ်ရှင်တွေကို ချိတ်ဆက်ရပါတယ်။ အမှန်တကယ်အခက်အခဲရှိနေတဲ့ အသက်ကြီးပိုင်းတွေ၊ မသန်စွမ်းဖြစ်နေသူတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို စာရင်းကောက်ယူပြီးမှ လှူဒါန်းပေးခဲ့တာပါ။ လိုအပ်တဲ့နေရာတွေမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့အတွက်လည်း လူမှုကူညီရေးအသင်းတွေကို အကူအညီတောင်းရတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း အတတ်နိုင်ဆုံး လှူဒါန်းပေးနိုင်အောင် ကြိုးစားသွားမှာပါ” ဟု ပြောကြားသည်။
သန့်ဇင်(မြန်မာ့အလင်း)