Skip to main content

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၀

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အကျိုးအမြတ်မယူသည့် နိုင်ငံတကာအသင်းအဖွဲ့များမှ ၎င်းတို့၏ပြည်တွင်းသို့ ငွေလွှဲပြောင်းပေးပို့ခြင်းအတွက် နှောင့်နှေးမှုမရှိစေရန် ဆောလျင်စွာစိစစ်ရန်ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်မှုများတွင် နယ်စပ်ငွေသားအစားဘဏ်စနစ်ကို ပိုမိုသုံးစွဲရန်နှင့်တရားမဝင် ငွေလွှဲလုပ်ငန်းများကို အရေးယူ ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

အားနည်းချက်များ ပြင်ဆင်

ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက (၉) ကြိမ်မြောက် မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှု အစီရင်ခံစာအပေါ် အာရှ-ပစိဖိတ် ပူးပေါင်းအဖွဲ့၏ အကဲဖြတ်မှုဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများအရ အားနည်းချက်များကို လာမည့်အစီရင်ခံစာပြုစုရာတွင် ပြင်ဆင်‌ရေးသားရေးကိစ္စနှင့် ပတ်သက်၍လည်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က AML/CFT ဆိုင်ရာ မဟာဗျူဟာနယ်ပယ်(၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီအနေဖြင့် ကြီးကြပ်ရေးအာဏာပိုင် (၆) ဖွဲ့၏ ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ချက် အစီရင်ခံစာများကို ဗဟိုအဖွဲ့သို့ တင်ပြခဲ့မှုအခြေအနေ၊ တွေ့ရှိရသည့် အားနည်းချက်များ၊ ဆက်လက်ဆောင်ရွက်သင့်သည့် အချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ကျင်းပခဲ့သည့် အာရှ - ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group- APJG) ၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့်အဖွဲ့ဝင်များက အစည်းအဝေးတက်ရောက်ခဲ့မှု အခြေအနေများနှင့် အစီရင်ခံစာအပေါ် ရှင်းလင်းဆွေးနွေးခဲ့သည့် အချက်များအား ဆွေးနွေး ပြောကြားခဲ့သည်။

ရှင်းလင်းဆွေးနွေး

ယင်းနောက် အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group- APJG) သို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်တင်ပြရမည့် တိုးတက်မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ လုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက အစီရင်ခံစာတွင် ထည့်သွင်း‌ရေးသားနိုင်ရန်အတွက် သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အစီအမံ (Action Plan) ပါ လက်ငင်းရလဒ် အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၆)၊ အမှတ်(၇)နှင့် အမှတ်(၈)တို့နှင့်ပတ်သက်၍ သတ်မှတ်ကာလအတွင်း အချိန်မီတင်ပြနိုင်ရေးကိုလည်းကောင်း၊ တိုးတက်မှု အစီရင်ခံစာရေးသားရေးအဖွဲ့မှ အချိန်မီရေးသားပြုစု နိုင်ရန်အတွက်လိုအပ်သည့် အချက်အလက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့များခွဲ၍ ဆောင်ရွက်ရေးကိုလည်းကောင်း၊ မိမိတို့ဌာနအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံစာရင်းကောင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်