Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂ဝ၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၁၀

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဆပ်ကော်မတီအတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅) ရပ်ဖြစ်သည့် အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရေး၊ ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ အကြမ်းဖက်ဖြစ်စဉ်များအားလုံးချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ရေးဆိုသည့် ဦးတည်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ် သတ်မှတ်ထားသော်လည်း နိုင်ငံတော်ကလက်ရှိဆောင်ရွက်နေသည့်အခန်းကဏ္ဍများကို ထည့်သွင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကိုလည်း အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံတော်အဆင့် ကြီးကျယ်ခမ်းနားစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် အတွေ့အကြုံကောင်းများလည်း ရရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ်လွတ်လပ်ရေးနေ့အခမ်းအနားကို ပုံမှန်အတိုင်း မနက်ပိုင်းတွင်အလံတင်အခမ်းအနား၊ နေ့လယ်ပိုင်းတွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ပေးအပ်ခြင်းနှင့် ညပိုင်းတွင် ညစာစားပွဲအခမ်းအနားတို့ဖြင့် အပိုင်းသုံးပိုင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနားသည် ပုံမှန်ကျင်းပနေသည့် အခမ်းအနားဖြစ်သော်လည်း နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့်အတွက် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အထူးသဖြင့် လုံခြုံရေးကိစ္စကို လစ်ဟာမှုမရှိစေရန် အထူးအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် တက်ရောက်လာကြသူအားလုံးအတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်နေထိုင်မှုများဖြစ်စေရန် အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ နိုင်ငံတော်အဆင့် အခမ်းအနားများ၏ အားသာချက်အားနည်းချက်များကို သင်ခန်းစာရယူပြီး ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို လိုအပ်ချက်များမရှိအောင် အားလုံးကဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲစစ်ရေးပြဆပ်ကော်မတီ၊ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများပစ်ဖောက်ရေးဆပ်ကော်မတီ၊ ညစာစားပွဲအလှပြ Drone လွှတ်တင်ဖျော်ဖြေရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများက လုပ်ငန်းတာဝန်များ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ကော်မတီအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွပ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကျောင်းများတွင် ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပေးရန်လိုကြောင်း၊ ထို့ပြင် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သည့် စာပေဟောပြောပွဲများကိုလည်း ကျင်းပပြုလုပ်ပေးသွားရန်လိုကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် ငွေကြေးသုံးစွဲမှုများတွင် အလေအလွင့်မရှိစေရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများပါရှိစေရေး၊ နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ဘက်ပေါင်းစုံလစ်ဟာမှုမရှိစေရေးနှင့် လွတ်လပ်ရေးအနှစ်အရသာကို အများပြည်သူများ သိရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။