ရန်ကုန် အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူး မြို့နယ်နှင့် မှော်ဘီမြို့နယ်များ၌ အောက်တိုဘာ ၈ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားလျက်ရှိရာ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရွှေ့ပြောင်းကူညီပေးလျက်ရှိသည်။
မှော်ဘီမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အောက်တိုဘာ ၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဖူးကြီးရေလှောင်တမံသည် ပုံမှန်ရေပြည့်အမှတ်ထက် ပိုသောကြောင့် ရေပိုလွှဲများမှရေများလျှံကျလာ၍ မြောင်းတကာအုပ်စုအတွင်းရှိ ရွှေကျွန်းတော ကျေးရွာ၊ အုတ်ဖိုစုကျေးရွာနှင့် နှင်းဆီမြိုင်ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ အိမ်ထောင်စုများအား ရေဘေးလွတ်ရာ နှင်းဆီမြိုင်ရပ်ကွက် မိဂဒါဝုန်ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းကူညီပေးခဲ့သည်။
လှည်းကူးမြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားလျက်ရှိရာ ဇီးပင်ဝဲကျေးရွာမှ အိမ်ထောင်စု ၁၃ စုကို အောက်တိုဘာ ၇ ရက်က ရွှေ့ပြောင်းကူညီပေးခဲ့ရကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)\