နေပြည်တော် အောက်တိုဘာ ၉
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
တက်ရောက်
ရှင်းလင်းဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန/ ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသည့်ဌာနကြီးဖြစ်သဖြင့် ပြည်သူလူထုအကျိုးစီးပွားကို ထိခိုက်စေမည့် အဂတိလိုက်စားမှုများဖြစ်ပေါ်ခြင်း မရှိစေရန်အတွက် ယခုကဲ့သို့ အသိပညာပေး ရှင်းလင်းဆွေးနွေး ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ “ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ်” ဆိုသည့် စကားနှင့်အညီ အဂတိလိုက်စားမှုများပေါ်ပေါက်ကာမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများမဖြစ်မီကတည်းက ကြိုတင်တားဆီးကာကွယ်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း။
(CPU) ဖွဲ့စည်းထားသည့် ရည်ရွယ်ချက်မှာ မိမိ၏ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုသည့်အတိုင်း ကာကွယ်ရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု မဖြစ်မြောက်အောင်၊ ရပ်တန့်သွားအောင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့၏ ဝန်ထမ်းများကို တတ်နိုင်သမျှနည်းလမ်းများဖြင့် အဂတိလိုက်စားမှုများမဖြစ်အောင် ကာကွယ်အသိပညာ ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလျက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များကို ကျစ်လျစ်ခိုင်မာစွာဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်သင့်ကြောင်း၊ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်ရှိမှုဆန်းစစ်ခြင်း (Corruption Risk Assessment - CRA) ကို အလေးပေးဆောင်ရွက်ပြီး အားနည်းချက်များကို ဖော်ထုတ်ပြုပြင်သင့်ကြောင်း၊ ဌာနတွင်းရှိဝန်ထမ်းများကို အဂတိလိုက်စားမှုများ မကျူးလွန်စေရေး အပြန်အလှန် ထိန်းကျောင်းသည့်စနစ်များဖြင့် ထိရောက်စွာဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်