နေပြည်တော် စက်တင်ဘာ ၉
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် တက္ကသိုလ်/ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာခန်းမ၌ ကျင်းပသည်။
တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပါမောက္ခချုပ်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်လှစ်ပို့ချပေး
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်ရသည့် တက္ကသိုလ်/ကောလိပ်ဆရာဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ မိမိတို့တာဝန်ယူ ဆောင်ရွက်ရသည့် ကဏ္ဍအလိုက်၊ ရာထူးအဆင့်အလိုက် လုပ်ငန်းတာဝန်များကို တည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန်ဖြင့် စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် တက္ကသိုလ်/ကောလိပ်အသီးသီးရှိ သင်ကြားရေးဆရာ ဆရာမများအတွက် အထူးမွမ်းမံသင်တန်းများကို ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ပါကြောင်း။
စံပြဖြစ်အောင်ကြိုးစား
ဆရာ ဆရာမများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းပြီး မိမိတို့၏ ပညာရေးရည်မှန်းချက်လုပ်ငန်း တာဝန်များကို တည်ငြိမ်မှန်ကန်စွာဆောင်ရွက်ရန် အလေးထားပြောကြား လိုပါကြောင်း၊ တက္ကသိုလ်/ကောလိပ် ဆရာဆရာမများသည် ပညာရှင်များဟု အသိအမှတ်ပြုခံထားကြရသူများ ဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူများ အတုယူရသော စံပြပုဂ္ဂိုလ်များဖြစ်အောင် ကြိုးစားအားထုတ်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရမည့်အချက်များကို စောင့်ထိန်းလိုက်နာသွားကြရန် တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၅၄ ဦး၊ သင်တန်းသူ ၃၃၇ ဦး၊ စုစုပေါင်း ၃၉၁ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ ရက်သတ္တငါးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်