Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပေါင်းလောင်းရေလှောင်တမံ ရေဝင်ရောက်မှုအခြေအနေနှင့် တမံကြံ့ခိုင်မှုအခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် တမံကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေလှောင်တမံသို့ရောက်ရှိပြီး ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲ၊ တမံအတွင်းရေဝင်ရောက်မှုအခြေအနေများနှင့် တမံကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်သို့ရောက်ရှိရာ တည်ဆောက်ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပေါင်းလောင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ ပေါင်းလောင်းရေလှောင်တမံရေပိုလွှဲမှ ရေစတင်ကျော်ခဲ့သည့်အခြေအနေ၊ တမံနှင့်ရေပိုလွှဲကြံ့ခိုင်မှု အခြေအနေများနှင့် ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံမှ တပ်ဆင်အင်အား ၇၀ မဂ္ဂါဝပ်လေးလုံးဖြင့် နှစ်စဉ်ပျမ်းမျှဓာတ်အား ၉၁၁ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လုပ်ပေးလျက်ရှိသည့် အခြေအနေများကို တင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှုရှိစေရန်နှင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုကို စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည်များ အစဉ်အမြဲလုပ်ဆောင်သွားရန် မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိမြို့နယ်၌ အောက်တိုဘာ ၈ ရက် ည ၉ နာရီခွဲက မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် သတ္တသတ္တာဟစေတီ မိဂဒါဝုန်ဘေးမဲ့တောဥယျာဉ်အနီး ကားလမ်းမကြီးပေါ်တွင် တင်ကျန်နေသည့် သဲနုန်းများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်ရှိ သပြေစန်းဆည်ရေဝင်ရောက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်