ရန်ကုန် အောက်တိုဘာ ၈
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် ကောင်းစွာ အထောက်အကူပြုနိုင်မည့် အရည်အသွေးပြည့်ဝသော နည်းပညာရှင်များ အစဉ်မွေးထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ယင်းသို့ဆောင်ရွက်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံပြီး ပြည်သူ့အကျိုးသယ်ပိုးမည့် လူငယ်များပျိုးထောင်ပေးရေး အလေးထား ဆောင်ရွက်ရန်၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ နည်းပညာများ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ရန်၊ စပါးခွံလောင်စာသုံး Gasifier အပါအဝင် ပြန်ပြည့်မြဲစွမ်းအင်နှင့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ သုတေသနများကို ဆောင်ရွက်ရန်၊ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ University Ranking မြင့်မားလာစေရေး ဆောင်ရွက်ကြရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ယမန်နေ့ညနေပိုင်းတွင် နည်းပညာတက္ကသိုလ်(မှော်ဘီ)ကို သွားရောက်စစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသားများ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်၊ 20 kW Solar Hybrid System တပ်ဆင်နေမှုနှင့် သုံးထပ်စာသင်ဆောင်သစ်တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပင်မဆောင်မြေညီထပ်၌ ဆရာ၊ဆရာမများနှင့် တွေ့ဆုံပြီး ပြည်သူ များကို အမှန်တကယ် အလုပ်အကျွေးပြုသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး စိတ်ဓာတ်၊ ခံယူချက်နှင့် ယုံကြည်ချက်များ မှန်ကန်မြင့်မားစေရန်နှင့် လုပ်ငန်းများ အရည်အသွေးစံနှုန်းများအတိုင်း အမှန်တကယ်တိုးတက်မှုရှိစေရေး အစဉ်အလေးပေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်