နေပြည်တော် အောက်တိုဘာ ၆
သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ် စဉ်(၃၂)အဖြစ် “ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်နှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီး မှူးရုံးများမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးတင်ပြမည့် ကိုရီးယားသမ္မတနိုင်ငံ၏ သမိုင်းကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကို တက်ရောက်လာကြသူများအနေဖြင့် သေသေချာချာ လေ့လာခွင့်ရမည်ဖြစ်ပြီး စိတ်ပါဝင်စားစွာဖြင့် မေးမြန်းဆွေးနွေးကြရန် တိုက်တွန်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ဆွေးနွေးပွဲတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ပင်လုံအေးက “ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လေ့လာခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများကသိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်