ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက်တွင် အစုရှယ်ယာရှင် ၁၀၀ နှင့်အထက် အများပိုင် ကုမ္ပဏီများက လွယ်ကူစွာဝင်ရောက်မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းဝင်အကြို ဈေးကွက်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ (Roundtable Discussion on Pre – Listing Board - PLB) ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန် စတော့အိတ်ချိန်းပင်မခန်းမ၌ ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ငွေချေးသက်သေခံ လက်မှတ်ကော်မရှင်ရုံး၊ ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံမှုအကြံပေးကုမ္ပဏီများ၊ မှတ်ပုံတင် အကြံပေးများနှင့် အများပိုင်ကုမ္ပဏီများမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယနေ့စကားဝိုင်း ဆွေးနွေးပွဲတွင် စာရင်းဝင်အကြိုဈေးကွက် (Pre- listing Board-PLB) ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့် ကိစ္စများကို အသေးစိတ် ရှင်းလင်းဆွေးနွေးမည်ဖြစ်၍ တက်ရောက်လာသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်းကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက စာရင်းဝင်အကြို ဈေးကွက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် သုံးသပ်ဆွေးနွေးသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ရှစ်ခု၏ ရှယ်ယာများ နေ့စဉ် ရောင်းဝယ်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ ၄၅၉၃၄ ဦးရှိကာ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ရှစ်ခု၏ရှယ်ယာ စုစုပေါင်း ၁ ဒသမ ၉၄၅ သန်း၊ တန်ဖိုး ငွေကျပ် ၄ ဒသမ ၇၄ ဘီလီယံ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ငွေကျပ် ၇၄၉ ဒသမ ၇၇၂ ဘီလီယံရှိကြောင်း သိရသည်။
သတင်းစဉ်