ပုသိမ် ဩဂုတ် ၂၂
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၄) တံတားအထူးအဖွဲ့ (၁၆) က တာဝန်ယူတည်ဆောက်ခဲ့သည့် ပုသိမ်အမှတ် (၂) တံတားသစ်ကြီး တည်ဆောက်မှုလုပ်ငန်းများ ဇူလိုင်လကုန်ပိုင်းက ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သောကြောင့် အများပြည်သူအသုံးပြုနိုင်ရန် စက်တင်ဘာလအတွင်း ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်က ပန္နက်တင်ပေးခဲ့ပြီး နိုဝင်ဘာ ၅ ရက်မှစ၍ တံတားအထူးအဖွဲ့ (၁၆) က တာဝန်ယူတည်ဆောက်ခဲ့ကာ ယခုနှစ် ဇူလိုင် ၃၁ ရက်က ပြီးစီးခဲ့ခြင်း ဖြစ်သည်။ ပုသိမ်တံတားအမှတ် (၂) သည် ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့် ငဝန်မြစ်အနောက်ဘက်ကမ်းရှိ လူနေရပ်ကွက်များသို့ တိုက်ရိုက်ဆက်သွယ်သော တံတားတစ်စင်းဖြစ်ပြီး လက်ရှိ ပုသိမ်ကြိုးတံတား၏ ခံနိုင်ဝန်လျော့နည်းလာခြင်းကြောင့်လည်းကောင်း၊ ပုသိမ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာသည်နှင့်အမျှ ငဝန်မြစ်၏ အနောက်ဘက်ခြမ်းတွင် မြို့ပြအိမ်ရာများတိုးချဲ့လာခြင်းကြောင့်လည်းကောင်း၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေများအပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကမ်းခြေပတ်လမ်းများကို ချိတ်ဆက်သွားလာနိုင်ရန် ရည်ရွယ်၍လည်းကောင်း ပုသိမ်တံတားအမှတ်(၂)ကို တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။
တံတားအရှည်မှာ စုစုပေါင်း ၇၂၅ ဒသမ ၅ မီတာ (၂၃၈၀ ပေ) ရှိပြီး ပင်မတံတားအရှည် ၃၃၀ မီတာ (၁၀၈၂ ပေ ၆ လက်မ)၊ ပုသိမ်ဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၁၇၄ ဒသမ ၅ မီတာ (၅၇၂ ပေ ၆ လက်မ)နှင့် စိန်ကုန်းဘက် ချဉ်းကပ်တံတား အရှည် ၂၂၁ မီတာ(၇၂၅ ပေ)ဖြစ်သည်။
ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ(၂၈ ပေ)ရှိပြီး တစ်ဖက်လျှင် ၁ ဒသမ ၅ မီတာ (၅ ပေ)ကျယ်သည့် လူသွားလမ်းပါဝင်သည်။ တံတားအမျိုးအစားမှာ အောက်ခံအုတ်မြစ် 1.8m/1.2m ဘိုးပိုင်၊ တံတားကိုယ်ထည် အာရ်စီကွန်ကရစ်ဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိသံပေါင် ခုံ းတံတားဖြစ်သည်။
ရေလမ်းကင်းလွတ်အမြင့် ၁၈ ဒသမ ၃ မီတာ (ပေ ၆၀)နှင့် ရေလမ်းကင်းလွတ်အကျယ် ၁၂၇ မီတာ (၄၁၆ ပေ)ရှိပြီး တံတား ခံနိုင်ဝန်မှာ HS25 Load Class ဖြစ်ကြောင်း သိရသည်။
ခရမ်းစိုးမြင့်