ရန်ကုန် စက်တင်ဘာ ၁၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း အသိပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် ကော်မရှင်ရုံး Conference Room ၌ ကျင်းပရာ အခမ်းအနားသို့ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းတက်ရောက်ကြမည့် ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အရေးကြီးသောဘာသာရပ်ဖြစ်
အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ကမ္ဘာပေါ်ရှိ မည်သည့်လူ့အခွင့်အရေးအဖွဲ့အစည်းမဆို အဓိကထားလုပ်ကိုင်ကြရသော လုပ်ငန်းတာဝန်ကြီးနှစ်ရပ်ဖြစ်သည့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် လူ့အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို လုပ်ငန်းလမ်းညွှန်သဖွယ် အထောက်အထားပြု မှီငြမ်းကြရသည့် အရေးကြီးသော ဘာသာရပ်ဖြစ်ပါကြောင်းနှင့် ကော်မရှင်ရုံးဝန်ထမ်းများအနေနှင့် မဖြစ်မနေသိထားသင့်သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ပတ်သက်သော အသိပညာဗဟုသုတများဆည်းပူးရရှိစေရန်၊ ဝန်ထမ်းများ၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာပြီး ကော်မရှင်လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းဆိုင်ရာ ပညာပေးသင်တန်းများ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကိုကော်မရှင်ရုံးခွဲများမှ ဝန်ထမ်းများအပါအဝင် သင်တန်းသား ၃၃ ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းပို့ချမှုကို Online ၊ Face to Face စနစ်နှစ်မျိုးဖြင့် Hybrid Format ကိုအသုံးပြုပြီး ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်များ ဆွေးနွေး ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်