Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ မြို့တော်ခန်းမ၌အခြေပြု၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၆၂၁ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသပေး

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၃ ဦး၊ ခွဲစိတ်ရောဂါ ၄၇ ဦး၊ သားဖွား မီးယပ်ရောဂါ ၁၉ ဦး၊ ကလေး ရောဂါ ၄၀၊ အရိုးရောဂါ ၇၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၁၆၀ နှင့် သွားရောဂါ ၃၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာလေးဦးနှင့် မျက်စိခွဲစိတ်လူနာနှစ်ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၃၀၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၅၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၅၁ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံရန် လိုအပ်သူ ၁၈ ဦးကို ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။

ထမင်းဘူးများနှင့် သောက်ရေသန့်ဘူးများ ပေးဝေလှူဒါန်း

ထိုသို့ နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့သို့ ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် စေတနာရှင်ပြည်သူများက နေ့လယ်စာအတွက် ထမင်းဘူးများနှင့် သောက်ရေသန့်ဘူးများကို ပေးဝေလှူဒါန်းကြသည်။

နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ထံသို့ လာရောက်ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုကြားသိရပါတယ်-

ရွှေဘိုမြို့ကပါ။ ခါးနာလို့လာပြတာပါ။ ပထမအကြိမ်တုန်းက ဒီမှာသွေးတိုးရောဂါ၊ ဂေါက်ရောဂါကိုပြဖူးပါတယ်။ အများကြီးဝမ်းသာပါတယ်။ နယ်သူနယ်သားတွေ၊ အနီးအနားက ကျေးရွာတွေကလည်းလာရောက်ပြသကြပါတယ်။ ဆေးဝါးတွေလည်း အခမဲ့ပေးပါတယ်။ မျက်စိရောဂါအပြင် မီးယပ်ဆိုင်ရာရောဂါတွေ၊ ဓာတ်မှန်တွေလည်းရိုက်ပေးတယ်။ အဲဒီလိုလုပ်ဆောင်ပေးနေတာတွေကို သိခဲ့ရပါတယ်။ အသက် ၉၇ နှစ်ရှိတဲ့ အမေကြီးတစ်ယောက်ကို မျက်စိခွဲပေးတာတော်တော်ကောင်းပါတယ်။ ဝမ်းသာပါတယ်။ နောက်လည်းမကြာမကြာလာနိုင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။ တခြားမြို့နယ်တွေကိုလည်း အခုလိုကုသပေးနိုင်ရင် ပိုကောင်းပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကို ဆောင်ရွက်ပေးပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိကြီးများအားလုံး၊ နိုင်ငံ့အကြီးအကဲများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။

အသက် ၈၆ နှစ်ရှိပါပြီ။ မျက်စိမကောင်းလို့လာပြတာပါ။ မျက်စိမကောင်းတာလည်း နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ အခုမျက်စိမကောင်းတာနဲ့ ပတ်သက်ပြီးတော့ တပ်မတော်နဲ့ ကျန်းမာ‌ရေးဝန်ကြီးဌာနတို့အပြင် စေတနာ့ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို နယ်လှည့်အထူးကုဆေးအဖွဲ့ ဒီလိုရောက်လာအောင်စီစဉ်ပေးတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တကွ တပ်မတော်အရာရှိကြီးများကို အများကြီး ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက ဒီမှာ ခွဲစိတ်တဲ့ကားကြီးတွေ၊ လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ မျက်စိ၊ နား နှာခေါင်း၊ လည်ချောင်း၊ ခံတွင်း၊ ခါးနာရောဂါ၊ ကလေးငယ်တွေနဲ့ပတ်သက်လို့၊ အမျိုးသမီးတွေနဲ့ပတ်သက်လို့၊ အဘိုးအဘွားတွေနဲ့ ပတ်သက်လို့ ရွှေဘိုမှာရှိတဲ့ ရောဂါသည်တွေအားလုံး လာရောက်ကုသရာမှာ တစ်နေ့တစ်နေ့ ၃၀၀ ကျော် ကုသနေတာတွေ့ရပါတယ်။ ရွှေဘိုမြို့နယ်မှာရှိတဲ့ ကျေးရွာသူ၊ ကျေးရွာသား အသီးသီးမှာ မျက်စိနဲ့ပတ်သက်လို့ မျက်ခမ်းစပ်ရောဂါတွေရှိကြတော့ ပူတဲ့ရာသီဖြစ်တဲ့အတွက် အခုလိုလာရောက်ကုသပေးတာကြောင့် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့တစ်တွေက ငွေရေးကြေးရေးပိုင်ဆိုင်ရာလည်း မတတ်နိုင်တဲ့ပုဂ္ဂိုလ်တွေ၊ ဆေးမကုနိုင်လို့ အသက်ပေးလိုက်ရတဲ့ အဘိုးအဘွားတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေအများကြီးရှိပါတယ်။ အခုလိုလာပြီး စေတနာနဲ့ နိုင်ငံတော်အစိုးရက ဆေးကုသတဲ့အခါမှာ ဆေးစုံ၊ ရောဂါစုံ အားလုံးကုသပေးနိုင်တဲ့အဆင့်ရှိတဲ့အတွက် ရောဂါသည်တွေဟာ ငါ့ရောဂါနဲ့ ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်စရာမလိုတော့ဘူး။ အားလုံးလာပြီးတော့ ပြသတာနဲ့ တစ်ပြိုင်တည်း စေတနာထက်သန်စွာနဲ့ သူ့ကဏ္ဍနဲ့သူ လုပ်ကိုင်ပေးနေတာကို မြင်တွေ့ရတဲ့အခါ အများကြီးပီတိဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှေဘိုမြို့နယ်သူ မြို့နယ်သား ရောဂါသည်ကိုယ်စား အများကြီးကျေးဇူးတင်ပါတယ်။ နောက်နောင်လည်း ရွှေဘိုသူရွှေဘိုသားတွေကို အကူအညီပေးပါလို့ နိုင်ငံတော်အကြီးအကဲတွေကိုလည်း မေတ္တာရပ်ခံပါတယ်။

သတင်းစဉ်