Skip to main content

အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ စတုတ္ထနေ့တွင် မြန်မာနိုင်ငံမှ ပြခန်း ၈၀ ဆက်လက်ပါဝင်ပြသ

နေပြည်တော် စက်တင်ဘာ ၁၉

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲစတုတ္ထနေ့နှင့် နောက်ဆုံးနေ့ကို ယနေ့ဆက်လက်ကျင်းပရာ မြန်မာကုန်စည်ပြခန်းဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့် ဆက်လက်ပါဝင်ပြသလျက်ရှိသည်။

မြန်မာကုန်စည်ပြခန်းများတွင် ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး စသည့်လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် မြန်မာ့ကျောက်မျက်လက်ဝတ်ရတနာပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိသည်။

အဆိုပါ ကုန်စည်ပြပွဲ၏ စတုတ္ထနေ့တွင်လည်း ယခင်နေ့များကဲ့သို့ မြန်မာကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုသူများ၊ ကြိုက်နှစ်သက်၍ ဝယ်ယူအားပေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

မြန်မာကုန်စည်ပြခန်းဆောင်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ စီးပွားရေးတွေ့ဆုံပွဲများ ကျင်းပသည့်နေရာ (Business Matching Area)တွင် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်လိုသည့် တရုတ်လုပ်ငန်းရှင်များက လာရောက်တွေ့ဆုံ၍ မြန်မာ-တရုတ် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကို မေးမြန်းဆွေးနွေးကြရာ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။

ထို့ပြင် အဆိုပါကုန်စည်ပြပွဲ၏ နှစ်လိုဖွယ်ရာ မြို့ပြခန်းဆောင်၌ မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့အဖြစ် မန္တလေးမြို့၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ပါဝင်ပြသထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေလျက်ရှိရာ စိတ်ပါဝင်စား၍ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်