စစ်တွေ စက်တင်ဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက သံတွဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တန်ဖိုးမြှင့်ထုတ်ကုန်များ
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သံတွဲမြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေး အားကောင်းသည့် မြို့နယ်ဖြစ်သည့်အပြင် ကမ္ဘာတွင် ထင်ရှားကျော်ကြားသော ငပလီကမ်းခြေရှိခြင်းကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများရှိသည့်အတွက် စီးပွားရေးအလားအလာကောင်းသော မြို့နယ်တစ်မြို့နယ်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းမှသည် နည်းစနစ်မှန်စွာဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အလားအလာကောင်းများစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ခြင်းကြောင့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို နည်းစနစ်တကျဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်၏ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားပြီးတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် သံတွဲမြို့ ဒွါရာဝတီမြို့သစ်ရှိ TMP အအေးခန်းစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးကြရာ လုပ်ငန်းရှင် ဦးတင်မောင်ဌေးက ကဏန်းပျော့များ၊ ငါး၊ ပုစွန် များ၊ ရေရူး၊ ကဏန်းများ မွေးမြူထုတ်လုပ်နေမှု၊ ကဏန်းပျော့များကို အအေးခန်းစက်ရုံတွင် ကုန်ချောများပြုလုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားပြီး အအေးခန်းစက်ရုံအတွင်း ကဏန်းပျော့များ၊ ငါး၊ ပုစွန်များကို ကုန်ချောများပြုလုပ်နေမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန်ထုပ်ပိုးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ဂေါ့ရပ်ကွက်ရှိ မြပတ္တမြားဥယျာဉ် (ပေါင်ဝန်တံတား)သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်