လွိုင်ကော် စက်တင်ဘာ ၁၉
၂၀၂၂-၂၀၂၃ ခုနှစ် ကယားပြည်နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကယားပြည်နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများက နွေစပါးပန်းတိုင် အထွက်နှုန်းကျော်လွန်သည်အထိ စိုက်ပျိုးထုတ်လုပ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တောင်သူများအနေဖြင့် နွေစပါးပန်းတိုင်အထွက်နှုန်းသာမက မိုးစပါးအထွက်နှုန်းကိုလည်း ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်သည်အထိ ကြိုးစားစိုက်ပျိုးပေးကြစေလိုကြောင်း ပြောကြားသည်။
ဝမ်းမြောက်ဂုဏ်ယူ
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ၌ နွေစပါးဧက ၃၄၃၀ စိုက်ပျိုးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူပေါင်း ၆၀၀ ကျော် ပေါ်ထွန်းလာသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆုရွေးချယ်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါး ပန်းတိုင်အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လယ်ယာသုံးစက်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ အထူးဆုရရှိသူများကို လယ်ယာသုံးပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ဂုဏ်ပြုဆုရရှိသော တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် လွိုင်ကော်မြို့ ခရစ်တော်ဘုရင် ဘုရားရှိခိုးကျောင်း၌ လွိုင်ကော်ကက်သလစ်သာသနာ ဆရာတော်များနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ လွိုင်ကော် ကက်သလစ်သာသနာဂိုဏ်းအုပ်ဆရာတော်ကြီး ချဲလ်ဆိုဘရွှေက နှုတ်ခွန်းဆက်ဆုတောင်းစကားပြောကြားသည်။
အေးချမ်းစွာအတူယှဉ်တွဲနေထိုင်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ပြည်သူများအားလုံး အတူတကွပူးပေါင်း၍ ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် ကိုးကွယ်သည့်ဘာသာများ မတူညီသော်လည်း ဘာသာရေးယုံကြည်ချက်နှင့် ဓလေ့ထုံးတမ်းများကို အခြားဘာသာဝင်များက အပြန်အလှန်လေးစားကာ အေးချမ်းစွာအတူယှဉ်တွဲနေထိုင်လျက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဘာသာအလိုက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လွိုင်ကော်ကက်သလစ်သာသနာအတွက် အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြပြီး ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဆရာတော်များနှင့် သီလရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်