ပူတာအို စက်တင်ဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ ပူးပေါင်းဖွင့်လှစ်သည့် သား၊ ငါးနှင့်အခြေခံစားသောက်ကုန်များကို သက်သာဈေးဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှု၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် အခြေခံစားသောက်ကုန်များ ဝယ်ယူထောက်ပံ့ပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မချမ်းဘောမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီမြတ်ကြီးသို့ ရောက်ရှိပြီး စေတီတော် မြတ်အား ဖူးမြော်ကြည်ညို၍ စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ကောင်းမှုလုံကျေးရွာအတွင်း မလိခမြစ်ကမ်းဘေးရှိ ကောင်းမှုဆုံစေတီတော်ဝင်းအတွင်း နဂါးစေတီ ၁၀၈ ဆူ တည်ထားကိုးကွယ်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး ဝန်းသိုကျောင်းတိုက် ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကြ၍ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းကာ နဂါးစေတီတော် ၁၀၈ ဆူ တည်ထားကိုးကွယ်မည့် သတ်မှတ်နေရာများ၌ ဆရာတော်ကြီးများက ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ပန္နက်တင်ပေးကြသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ယင်းနောက် မချမ်းဘောမြို့နယ် နမ်ခမ်းကျေးရွာအတွင်း ငါးမွေးမြူရေးကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ငါးသားပေါက်စခန်းအပြင် ငါးကန်များကို ဥပဒေနှင့်အညီ တူးဖော်ပေးနိုင်ရေး၊ စနစ်တကျ မွေးမြူလုပ်ကိုင်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ငါးကန်များ တူးဖော်အသုံးပြုထားရှိမှုတို့ကိုလည်းကောင်း၊ အဆိုပါကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၀ သိန်းဖြင့် တောင်သူ ဦးခေါင်လန်ဒဂုံ၏ ဒဂုံမိသားစု ငါးမွေးမြူရေးကန်၌ ငါးခူ၊ ငါးကြင်းဖြူနှင့် ငါးကြင်းနီငါးများ မွေးမြူဖြစ်ထွန်းနေမှု အခြေအနေများကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(နမ်ခမ်း)၌ ကျောင်းဝင်းအတွင်း တည်ထောင်ထားသည့် ဂရိတ်ဖရုခြံ၌ ပြည်နယ်ဝန်ကြီးချုပ်၏ လှူဒါန်းမှုဖြင့် ခြံဝင်းခတ်ပြီးစီးမှုအခြေအနေများနှင့် ကျောင်းသား ကျောင်းသူများ စိုက်ပျိုးထားရှိသည့် ဂရိတ်ဖရုသီး၊ ဘုရင်သီးပင်များနှင့် အမေရိကန်သံပရာသီးပင်များ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ကျောင်းစာသင်ခန်းများတွင် စာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
နည်းပညာလိုအပ်ချက်များ ပံ့ပိုး
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အင်ဘူးဘော့ကျေးရွာသို့ရောက်ရှိပြီး တောင်သူ ဦးကဂျိုးလဂျာ၏ မျိုးစေ့ထုတ်စံပြကွက်၌ ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ မိုးစပါးစိုက်တောင်သူများအတွက် ယူရီးယားဓာတ်မြေသြဇာအိတ်များကို ထောက်ပံ့ပေးအပ်ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ တောင်သူ အသိပညာပေး သဘာဝမြေသြဇာပြုလုပ်ပုံ အဆင့်ဆင့်သရုပ်ပြခြင်းနှင့် မျိုးစေ့ထုတ် ဆင်းဧကရီ-၃ အထွက်တိုးမိုးစပါးစံပြစိုက်ကွက်အတွင်း သဘာဝမြေသြဇာမြေဆွေးကြဲပက်မှုများကိုလည်းကောင်း၊ ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၅ သိန်းဖြင့် ဆောင်ရွက်ထားသည့် တောင်သူ ဦးနန်မွန်ထင်၏ ဂရိတ်ဖရုစိုက်ပျိုးရေးခြံ၌ ဂရိတ်ဖရုသီးပင်များ၊ ဘုရင်သီးပင်များနှင့် အမေရိကန် သံပရာသီးပင်များ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြ၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအား နည်းပညာလိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ထောက်ပံ့ငွေများကို ပေးအပ်သည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မချမ်းဘောမြို့ ဂူဘားရိပ်သာသို့ရောက်ရှိရာ ဒေသခံဂျိမ်းဖောမျိုးနွယ်စု၊ ရဝမ်မျိုးနွယ်စုနှင့် လီဆူမျိုးနွယ်စုများက တိုင်းရင်းသားရိုးရာ မဂွန်းရှလစ်ဖြင့် ဂါဝရပြုလက်ဆောင်ပေးအပ်မှုကို လက်ခံရယူပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။
ဒေသခံပြည်သူများနှင့် တွေ့ဆုံ
ထို့နောက် မချမ်းဘောမြို့ ဂူဘားခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စိုက်ပျိုးမွေးမြူရေးတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ရေးဆွဲချမှတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရရှိရေးကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အထူးသဖြင့် နိုင်ငံတော်၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် မိမိတို့ပြည်သူတစ်ဦးချင်းစီက အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။
ထောက်ပံ့ငွေများပေးအပ်
ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံများက ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကိုတင်ပြကြရာ ခရိုင်အဆင့်ဌာနဆိုင်ရာများက တင်ပြထားသည့် လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများနှင့် လိုအပ်ချက်များအပေါ် ဖြည့်စွက်ရှင်းလင်းပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များအတွက် အမှတ်တရလက်ဆောင်များနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မချမ်းဘောမြို့ အမှတ်(၃)ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၀ သိန်းဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးမိုးအောင်၏ ငါးကန်များ၌ ရွှေဝါငါးကြင်း၊ မြက်စားငါးကြင်း၊ တီလားပီးယားနှင့် တိုင်းရင်းငါးခူများ မွေးမြူမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်