နေပြည်တော် စက်တင်ဘာ ၁၉
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဩဂုတ် ၃၀ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၄/၂၀၂၃)တွင် ကျေးလက်နေပြည်သူများအပါအဝင် ဒေသခံတိုင်းရင်းသားများ၏ စာတတ်မြောက်မှုနှင့် အတန်းပညာတတ်မြောက်မှုအားနည်းသည်ကို တွေ့ရှိရသည့်အတွက် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး “ ဝ၊ ထ၊ က၊ လ ၊ သ” စီမံကိန်းကို မိမိတို့ကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း။
အထောက်အထားများအရ အခိုင်အမာသိရှိ
သမိုင်းကြောင်းကိုပြန်ကြည့်ပါက ရှေးမြန်မာမင်းများလက်ထက် မြန်မာ့လူဘောင်အဖွဲ့အစည်းတွင် စာမတတ်သူနည်းပါးပြီး စာတတ်မြောက်သူများပြားခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ရှေးမြန်မာမင်းများ၏ အားပေးမှုနှင့် ဘုန်းတော်ကြီးကျောင်းများ၏ သင်ကြားမှုကြောင့် စာတတ်မြောက်မှုမြင့်မားခဲ့ခြင်းဖြစ်သည်ကို ပြည်တွင်းပြည်ပ သမိုင်းအထောက်အထားများအရ အခိုင်အမာ သိရှိကြောင်း။
မိမိတို့နိုင်ငံ အင်္ဂလိပ်၊ ဂျပန်၊ အင်္ဂလိပ် ကိုလိုနီခေတ် ကျွန်သပေါက်ကျရောက်ချိန်တွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၃၅ ရာခိုင်နှုန်းအထိကျဆင်းခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၆၄ ခုနှစ်မှ စာတတ်မြောက်ရေးလှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့ရာ ၁၉၇၃ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ၆၆ ဒသမ ၉ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ၇၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ၈၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၈၉ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးစာတတ်မြောက်မှုရှိခဲ့သည်ကို ထုတ်ပြန်ထားကြောင်း၊ ၂၀၁၄ ခုနှစ်တွင် လူဦးရေသန်းခေါင်စာရင်းအရ မူလတန်းပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့် ကလေးပေါင်း ၂ ဒသမ ၇ သန်း ခန့်ရှိပြီး အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်း ၃ ဒသမ ၅၅ သန်းခန့် ရှိနေကြောင်းကို ထုတ်ပြန်ထားကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံအတွင်းတွင် အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်းသည် ၄ ဒသမ ၁ သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အမျိုးသမီးစာမတတ်မြောက်သူ ရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားကြောင်းကို တွေ့ရှိရကြောင်း။
အကျယ်တဝင့် လမ်းညွှန်ထားပြီးဖြစ်
ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်က ပညာခေတ်တွင် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေးဆောင်ရွက်သွားရန်၊ ယခင်မိမိတို့နိုင်ငံတွင် “အ”သုံးလုံးသင်တန်းများ သင်ကြားပေးခဲ့ရာ အောင်မြင်မှုများရရှိခဲ့သဖြင့် ကမ္ဘာပေါ်တွင် စံပြပုံစံအဖြစ် အသိအမှတ်ပြုခံခဲ့ရကြောင်း၊ “အ” သုံးလုံး သင်တန်းများမှတစ်ဆင့် စာပေဖတ်ရှုမှုကိုစိတ်ဝင်စားလာပြီး ပညာတတ်မြောက်လိုစိတ်များဖြစ်ပေါ်လာနိုင်ပြီး ကျောင်းပြင်ပပညာရေး (Non - Formal Education) ဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်ကြောင်း၊ ထိုမှတစ်ဆင့် KG+9 ကို သင်ကြားပေးနိုင်မည်ဖြစ်ကြောင်းဖြင့် စက်တင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)တွင် အကျယ်တဝင့် လမ်းညွှန်ထားပြီးဖြစ်ကြောင်း။
မြန်မာနိုင်ငံ စာတတ်မြောက်ရေးလှုပ်ရှားမှုသည် အီရန်နိုင်ငံ တီဟီရန်မြို့၌ကျင်းပခဲ့သည့် နိုင်ငံတကာစာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် သတ်မှတ်သည့် ၁၉၆၆ ခုနှစ်ထက် နှစ်နှစ်စောပြီး စတင်ဆောင်ရွက်ခဲ့ကြောင်း၊ စာတတ်မြောက်ရေးကို ၁၉၆၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် “အ”သုံးလုံး ဖခင်ကြီးဖြစ်သော ပညာရေးအထူးအရာရှိ (ဆရာ အတတ်သင်) “ဆရာကြီးဦးသံဗျင်”က ပညာရေးဝန်ကြီးဌာနသို့ စာမတတ်သူပပျောက်ရေး “အ” သုံးလုံးစီမံကိန်းကြီးကို ဆောင်ရွက်ခွင့်တောင်းခံခြင်း မှ စတင်ခဲ့သည်ဟု လေ့လာသိရှိရကြောင်း၊ ၁၉၆၄ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် မိတ္ထီလာမြို့နယ် အရှေ့သဖန်း စံပြကျေးရွာ၌ “အ” သုံးလုံးကျေသင်တန်းကို မူလတန်းဆရာဖြစ် သင်တန်းမှ ဆရာသုံးဦးနှင့် အလယ်တန်းဆရာဖြစ် သင်တန်းမှ ဆရာတစ်ဦးတို့က ပထမဆုံးစမ်းသပ်ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ “အ” သုံးလုံးသင်တန်းသား ၂၀၀ ခန့် တက်ရောက်သင်ကြားခဲ့ကြောင်း၊ တစ်လကုန်၍ စစ်ဆေးပြီးသောအခါ သင်တန်းသား ၁၀၀ ခန့် စာတတ်မြောက်ခဲ့ကြောင်းကို တွေ့ရှိရကြောင်း။
စာတတ်မြောက်ရေးလှုပ်ရှားမှုများ ဆောင်ရွက်
တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများမှ စေတနာလုပ်အားပေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်များမှ ဆရာ၊ ဆရာမများက ပါဝင်လုပ်အားပေးခဲ့ကြကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများ ကျောင်းပိတ်ချိန်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၏ စေတနာလုပ်အားဖြင့် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ထို့ပြင် ရပ်ရွာအတွင်းရှိ အခြေခံပညာအထက်တန်း အောင်မြင်သူများ၊ သင်ယူဖူးသူများနှင့် ဘွဲ့ကြိုဘွဲ့ရ စေတနာလုပ်အားပေးများကလည်း အဆိုပါလှုပ်ရှားမှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်ကို မှတ်တမ်းများအရ သိရှိရကြောင်း။
မြန်မာနိုင်ငံကို ပေးအပ်ချီးမြှင့်ခဲ့
ထို့ကြောင့် ၁၉၇၁ ခုနှစ်တွင် မိတ္ထီလာခရိုင်လုံး ကျွတ်စာတတ်မြောက်ရေး အောင်ပွဲကိုကျင်းပနိုင်ခဲ့ပြီး နယ်မြေခံလူထု ရှစ်သောင်းကျော်နှင့်အတူ တစ်နိုင်ငံလုံးမှ သတင်းစာဆရာများ စုံစုံလင်လင်တက်ရောက်ကျင်းပနိုင်ခဲ့ရာ အဆိုပါ လူထုလှုပ်ရှားမှုဖြင့် စာမတတ်သူပပျောက်ရေး ဆောင်ရွက်ချက်ကိုလည်း ယူနက်စကိုက အသိအမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် “မိုဟာမက်ရေဇာပါလာဗီဆု”ကို ၁၉၇၁ ခုနှစ် စက်တင်ဘာ ၈ ရက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့တွင် မြန်မာနိုင်ငံကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်း။
ထို့အပြင် ၁၉၈၄ ခုနှစ်တွင် ဆရာကြီး ဦးသောင်းထွန်းက ဂျာမနီနိုင်ငံ အနောက်ဘာလင်တွင် ကျင်းပခဲ့သည့် စာတတ်မြောက်ရေးညီလာခံတွင် Burmese Way to Literacy စာတမ်းတင်သွင်းခဲ့ရာ မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးအတွက် ဘတ်ဂျက်မလို စေတနာဝန်ထမ်းလူထုလှုပ်ရှားမှုကို ကမ္ဘာသိဖြန့်ဝေနိုင်ခြင်း၊ နိုင်ငံတကာစာတတ်မြောက်ရေး သက်ကြီးဖတ်စာများ၊ စာစဉ်များ ဖြန့်ဝေနိုင်ခြင်းတို့အတွက် ယူနက်စကိုက “နိုမာဆု”ကို ထပ်မံချီးမြှင့်ခြင်း ခံခဲ့ရသည်အထိ ကမ္ဘာသိလှုပ်ရှားမှုအဖြစ် အောင်မြင်မှုရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံစာတတ်မြောက်ရေးသည် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုစဉ်က မြန်မာတစ်နိုင်ငံလုံး ၃၀၈ မြို့နယ်ရှိသည့်အနက်မှ ၂၉၇ မြို့နယ်အထိ ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်ကောင်းများရရှိပြီး သန်းနှင့်ချီသော ပြည်သူများ စာတတ်မြောက်လာခဲ့သည်အထိ အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း။
ယခု ၂၀၂၃ ခုနှစ် (၅၇)နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်အတိုင်း စာတတ်မြောက်ခြင်းသည် တစ်ဦးချင်းစီ၏ အကျိုးကျေးဇူးများရရှိရုံသာမက မိမိတို့၏ ဒေသအတွင်း၊ နိုင်ငံတွင်း လူမှုရေး၊ စီးပွား ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုစသည့် အကျိုးကျေးဇူးများလည်း ရရှိစေရန် စွမ်းဆောင်ပေးကြောင်းကို ထင်ရှားစေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူများ ဦးတည်လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နေချိန်တွင် ယင်းစနစ်ကို အကောင်အထည်ဖော်မည့်ပုဂ္ဂိုလ်များနှင့် လိုက်နာကြရမည့် ပုဂ္ဂိုလ်များသည် စာတတ်မြောက်ရန်နှင့် အတန်းပညာတတ်မြောက်နေရန် လိုအပ်သကဲ့သို့ ဒေသခံတိုင်းရင်းသားများကလည်း မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာကိုလည်း တတ်မြောက်နေရန် လိုအပ်သည့်အတွက် စာတတ်မြောက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
စာတတ်မြောက်မှ အများသူငှာတို့၏ မြှောက်ပင့်စည်းရုံးဆွဲဆောင်မှုတို့အပေါ် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း၊ စာတတ်မြောက်မှုမှ စာပေဖတ်ရှုလေ့လာလိုစိတ်ရှိလာမည်ဖြစ်ပြီး စာပေလေ့လာဖတ်ရှုမှလည်း မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း၊ ယနေ့နိုင်ငံအတွင်း အချို့မြို့နယ်များနှင့် နယ်စပ်ဒေသအချို့တွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများသည် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄ ဒသမ ၁ သန်း၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဤနေရာတွင် ဆရာတော် ရှင်မဟာရဋ္ဌသာရက “ဧကရတုပုဒ်”တွင် “သုစိပုဘာ ဝိလိသိဓာ” အက္ခရာ ၈ လုံးကို ဆရာတော်၏ စာသင်သားတပည့်များကို နေ့စဉ်ကျင့်သုံးလိုက်နာရမည့်အချက်အဖြစ် ညွှန်ပြထားသည်ကို တွေ့ရကြောင်း၊ ထိုအက္ခရာ ၈ လုံး၏ အနက်အဓိပ္ပာယ်မှာ သုဏေယျ-ကြားနာရ၏၊ စိန္တေယျ- ကြံစည်ရာ၏၊ ပုစ္ဆေယျ- မေးမြန်းရာ၏၊ ဘာသေယျ- ပြောဆိုဆွေးနွေးရာ၏၊ ဝိစာရေယျ- စူးစမ်းဆင်ခြင်ရာ၏၊ လိစေယျ-ရေးမှတ်ရာ၏၊ သိက္ခေယျ- လေ့ကျင့်ရာ၏၊ ဓာရေယျ-နှုတ်တက်ဆောင်ရာ၏ဟု ဖော်ပြထားကြောင်း၊ ယင်းအဓိပ္ပာယ်နှင့် ရတုစာပုဒ်ကိုကြည့်ခြင်းဖြင့် စာတတ်မြောက်မှုသည် မည်မျှအရေးကြီးသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ စာတတ်မြောက်မှ အဆင့်အတန်းပညာကိုလည်း ဆက်လက်သင်ယူတတ်မြောက်ပြီး “ပညာရွှေအိုး လူမခိုး”၊ အလိမ္မာ စာမှာရှိ ဆိုသကဲ့သို့ မိမိကိုယ်တိုင် အမှားအမှန်အကောင်းအဆိုး ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်ပြီး မမှားသင့်သည်ကို မမှားရအောင် မိမိနှင့်ပတ်ဝန်းကျင်ကို ထိန်းကျောင်းပဲ့ပြင်နိုင်မည်ဖြစ်ကြောင်း၊ ရှေးမြန်မာမင်းများလက်ထက် ကုဋေရှစ်ဆယ်သူဌေးသားအကြောင်း အရာများသည် အသိပညာအတတ်ပညာမရှိခဲ့သည့်အတွက် နောက်ဆုံးဘဝ နိဂုံးချုပ်မလှဖြစ်ခဲ့ရသည့် ဖြစ်စဉ်သာဓကများဖြစ်ပြီး ဦးကျည်ပွေ့ဖြစ်စဉ်ကလည်း စာတတ်မြောက်မှုမည်မျှအရေးကြီးသည်ကို ဖော်ပြနေသည့်အချက်ပင်ဖြစ်ကြောင်း။
ပွင့်ပွင့်လင်းလင်း ဆွေးနွေး
ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနကိုဖွဲ့စည်းထားပြီး စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေးများကို အကောင်အထည်ဖော်လျက်ရှိကြောင်းကို သိရှိရကြောင်း၊ ယခု လုပ်ငန်းကို မိုးလေဝသကင်းရှင်းပြီး လယ်ယာများ၊ တောင်ယာများ ရိတ်သိမ်းပြီးချိန်တွင် စတင်ဆောင်ရွက်နိုင်ရန်နှင့် လက်တလော စတင်ဆောင်ရွက်၍ရမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်အဆင့်ကိုလည်း ယနေ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး စာတတ်မြောက်မှုတိုးတက်လာရေးသည် ပညာရေးဝန်ကြီးဌာန တစ်ခုတည်းသာမက ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်သူများ စာတတ်မြောက်ခြင်း၏ အရေးပါမှုကိုသိရှိရန်၊ နားလည်နိုင်ရန် အသိပညာပေးရေးသည်လည်း အရေးကြီးသည်ကို သတိပြုရမည်ဖြစ်ကြောင်းနှင့် ယနေ့အစည်းအဝေးတွင် နိုင်ငံတော်အတွက် အရေးပါလှသည့် ပြည်သူများ စာတတ်မြောက်မှုတိုးပွားလာစေရန်အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စာသင်သားသုံးအထောက်အပံ့ပစ္စည်းများ၊ နည်းပြ၊ ကြီးကြပ်ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက အမျိုးသားပညာရေးဥပဒေဆိုင်ရာများနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဖွဲ့စည်းထားရှိမှု၊ “ဝ၊ ထ၊ က၊ လ၊ သ” (အခြေခံစာတတ်မြောက်ရေး)အဆင့်မှ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်ရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များက ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းစီမံချက်အပေါ် ဝန်ကြီးဌာနများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအမံများနှင့်အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်