Skip to main content

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ(၂၀၂၃) ထွက်ပြီ

နေပြည်တော် စက်တင်ဘာ ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာဗဟုသုတ အဖြာဖြာ(၂၀၂၃)စာအုပ်”ကို ပြည်သူများအသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊ မြန်မာလူငယ် လူရွယ်များ ပညာစွမ်းရည်ပြည့်ဝစေရန်၊ သင်တန်းဝင်ခွင့်စာမေးပွဲများဖြေဆိုရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် သိလိုသည့်အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေသိရှိနိုင်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၌ ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

စာအုပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော​ကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် သဝဏ်လွှာကောက်နုတ်ချက်များ၊ မြန်မာ့ရေးရာသိမှတ်ဖွယ်ရာများ၊ နိုင်ငံတကာရေးရာသိမှတ်ဖွယ်ရာများ၊ အထွေထွေသိမှတ်ဖွယ်ရာများ၊ နိုင်ငံ့ဝန်ထမ်းလျှောက်ထားခြင်းဆိုင်ရာသိမှတ်ဖွယ်ရာများ၊ ကျန်းမာရေးဆိုင်ရာသိမှတ်ဖွယ်ရာများကို နောက်ဆုံးအခြေအနေအထိ ပြည့်စုံစွာ ထည့်သွင်းဖြည့်စွက်ဖော်ပြထားပါသည်။

သတင်းခေတ်၊ ပညာခေတ်တွင် လူတိုင်းသိထားသင့်သည့်အချက်အလက်များကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်စေရန် စုဆောင်းပြုစုထားသောစာအုပ်ဖြစ်သဖြင့် ဗဟုသုတရှာမှီးလိုသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ လက်ကိုင်ထားသင့်သည့်စာအုပ်ဖြစ်ပြီး အိမ်တိုင်းရှိ စာအုပ်စင်တိုင်းတွင် ဆောင်ထားသင့်သည့်စာအုပ်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်အတွက် လူချွန်လူကောင်းများ၊ ခေါင်းဆောင်ကောင်းများ၊ အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေး အထောက်အကူပြုနိုင်မည့်စာအုပ် ဖြစ်ပါသည်။

ယင်းစာအုပ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေပြီး ဝူဖရီးစက္ကူဖြင့် တစ်အုပ်လျှင် ၁၁၀၀၀ ကျပ်၊ နယူးပရင့်စက္ကူဖြင့် တစ်အုပ်လျှင် ၁၀၀၀၀ ကျပ်ဖြင့် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖုန်း- ၀၆၇-၃၄၁၂၃၇၁၊ ၀၆၇-၃၄၁၂၅၅၃နှင့် စာပေ ဗိမာန်အရောင်းဆိုင်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၂၂/၂၄)ပန်းဆိုးတန်းလမ်း(အောက်) ကျောက်တံတားမြို့နယ်၊ ဖုန်း ၀၁-၈၃၈၄၈၁၃၊ ၀၁-၈ ၃၇၁၃၄၂၊ စာပေဗိမာန်အရောင်းဆိုင်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့် အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင်လည်းကောင်း ဝယ်ယူဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။