နေပြည်တော် စက်တင်ဘာ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ယနေ့တွင် ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးဖိုရမ်သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ခေါင်းဆောင်သည့် အဖွဲ့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက တရုတ်-အာဆီယံ ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့သည်။
မိန့်ခွန်းပြောကြား
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ခိုင်မာသည့်မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ယခုဖိုရမ်အတွင်း ဒေသတွင်းစီးပွားရေးနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏အာရှပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative) အရ ငွေရေးကြေးရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အချက်များကို အတည်ပြုဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ငွေရေးကြေးရေးတည်ငြိမ်ရေးအား ထိန်းသိမ်းနိုင်ရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ပေါင်းစည်းမှုများအားပိုမိုနက်ရှိုင်းစွာ မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့အား ဆောင်ရွက်ရန်ကတိကဝတ်ပြုခဲ့ကြသည်ကို အလေးအနက်ထားပြောကြားလိုပါကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းမှုနှင့်ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများ၌ နှစ်ပေါင်းများစွာ အားကောင်းခိုင်မာမှုများ ရှိခဲ့ပါကြောင်း၊ ယနေ့အချိန်အခါတွင် တစ်ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကြောင့်ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုအခက်အခဲများဖြစ်သည့် ငွေရေးကြေးရေး အခြေအနေဆိုင်ရာ မတည်ငြိမ်မှုများ၊ ဈေးကွက်မတည်မငြိမ်ဖြစ်မှုများကြောင့် ထွန်းသစ်စနိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် မိမိတို့၏ငွေကြေးစနစ်များ တည်ငြိမ်စေရေးနှင့် အမေရိကန်ဒေါ်လာ အပေါ် မှီခိုအားထားရမှု လျှော့ချနိုင်ရေးကြိုးပမ်းအားထုတ်နေကြပြီး ဒေသတွင်းဆန်းသစ်တီထွင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရန်လိုအပ်ပါကြောင်း၊ တရုတ်ယွမ်၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော် ပေးချေမှုများအတွက် ကုန်သွယ်မှုဆိုင်ရာပေးချေမှုငွေကြေးအဖြစ် တတိယနေရာသို့ ရောက်ရှိလာခဲ့ပါကြောင်း၊ အာရှပိုးလမ်းမကြီးဖော်ဆောင်မှုနည်းဗျူဟာနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ မဟာစီမံကိန်းများကြောင့် ငွေရေးကြေးရေးဆိုင်ရာချိတ်ဆက်နိုင်မှုများ ပိုမိုအားကောင်းခိုင်မာ လာပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အာရှပိုးလမ်းမကြီး ဖော်ဆောင်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အထောက်အပံ့ များရရှိနိုင်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ စီမံကိန်းများအတွက် အခြေခံအဆောက်အအုံ၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချိတ်ဆက်မှုများနှင့်စပ်လျဉ်း၍ အခွင့်အလမ်းကောင်းများအား အရှိန်မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနှင့်ပတ်သက်၍ ယွမ်-ကျပ်အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မိမိတို့နှစ် နိုင်ငံ၏ပထဝီဝင်အနေအထားအရ နယ်စပ်ဖြတ်ကျော်ပေးချေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် အလားအလာကောင်းများအား လမ်းဖွင့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား မိတ်ဖက် ဆက်ဆံရေး၌ ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါပါကြောင်း၊ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများချဲ့ထွင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းတို့သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေရေးကြေးရေးတွင် အားလုံးပါဝင်လာနိုင်မှု စသည်တို့အပေါ် အထောက်အကူ ဖြစ်စေပါကြောင်း၊ မိမိတို့အနေဖြင့် ငွေရေးကြေးရေးတည်ငြိမ်ရေး မြှင့်တင်ဆောင်ရွက်နိုင်ရန်အလို့ငှာ နယ်စပ်ဖြတ်ကျော် ငွေလွှဲပြောင်းပေးချေမှုများ၌ ငွေရေးကြေးရေးဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုအားကောင်းခိုင်မာစွာ ဆောင်ရွက်နိုင်စေရန် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါဖိုရမ်သို့ ကွမ်ရှီးပြည်နယ် အစိုးရအကြီးအကဲ မစ္စတာလျူနင်း ခေါင်းဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယအကြီးအကဲ၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ICBC ၊ BOC ၊ ABC ၊ CCB ၊ CDB ၊ ADB ၊ EXIM Bank of China ဘဏ်များမှ အကြီးအကဲများ၊ China Insurance Corporation မှ အကြီးအကဲများ၊ ဘေဂျင်း၊ ရှန်ဟိုင်းနှင့်ရှန်ဇင်း Stock Exchange မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်