Skip to main content

ပုသိမ်မြို့၌ စာပေနှင့် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဆွေးနွေးပွဲ ကျင်းပ

ပုသိမ် စက်တင်ဘာ ၁၈

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စာပေနှင့်သတင်းမီဒီယာကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရေးနှင့်စာကြည့်တိုက်များ အောင်မြင်စွာ ဆက်လက်ရပ်တည်နိုင်စေရေးတို့အတွက် ယနေ့နံနက် ၁၀ နာရီက ပုသိမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဒေသခံစာပေသမားများ၊ သတင်းမီဒီယာ အဖွဲ့အစည်းများ၊ ဧရာဝတီတိုင်းစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က စာပေကိစ္စရပ်များအကြောင်း၊ အဆိပ်သင့်စာပေများကို ရေးသားခြင်း၊ ထုတ်ဝေခြင်းများကို ရှောင်ကြဉ်ရမည့် အကြောင်း၊ ဒေသတွင်း၌ လူငယ်များ စာဖတ်ရှိန်မြင့်တက်လာစေရေးအတွက်၊ စာကြည့်တိုက်များ ပိုမိုပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည့် အကြောင်းတို့ကိုဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံက သတင်းမီဒီယာကောင်စီ၏ ရပ်တည်ချက်များ၊ သတင်းမီဒီယာသမားများကို အရည်အသွေးမြှင့်တင်ရေး၊ သတင်းတု သတင်းမှားများချေဖျက်ရေး၊ ကျင့်ဝတ်ကို လိုက်နာသော သတင်းမီဒီယာသမားများ ပိုမိုပေါ်ပေါက်လာစေရေးနှင့် သတင်းသမားများကို ဥပေဒနှင့်အညီ အကာအကွယ်ပေးနိုင်ရေးများကို ဆွေးနွေးခဲ့သည်။

သတင်းမီဒီယာကောင်စီဝင် ဦးနေလင်း(မောင်ချိုဝေ)က သတင်းသမားများလိုက်နာရမည့် ကျင့်ဝတ်များနှင့် သတင်းလွတ်လပ် ခွင့်များအကြောင်းကို အမျိုးသားရေးနှင့်သတင်းမီဒီယာခေါင်းစဉ် ဖြင့် ဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ရိုက်နှိပ်ထားသည့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်စာအုပ်များ၊ မဂ္ဂဇင်းဂျာနယ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေသခံသတင်းမီဒီယာသမားများထံ ပေးအပ်လှူဒါန်းခဲ့ သည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဝင်းရှိန်၊ ပုသိမ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ပုသိမ်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာများ၊ သတင်းသမားများ၊ ဧရာဝတီတိုင်း စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်