နေပြည်တော် စက်တင်ဘာ ၁၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသောဆောက်လုပ်ရေးဝန်ကြီးများအဆင့် အစည်းအဝေးသို့ စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက် အထိ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တရုတ် -အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ တက်ရောက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်နင်းမြို့မှ Tengxian(ထန်ရှင့်)မြို့သို့ သွားရောက်၍ Pingcen Expressway (ဖင်းချန် အမြန်လမ်းမကြီး)ပေါ်ရှိ Long Span Cable-stayed နှင့် Suspension System ပေါင်းစပ်တည်ဆောက်နေသည့် Tengzhou Xunjiang (ထန်ဂျို့ ရွှင်ကျန့်)တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိလေ့လာခဲ့ရာ တံတားစီမံကိန်းတာဝန်ခံ အင်ဂျင်နီယာများက တံတားတည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နည်းပညာဆိုင်ရာ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ စီမံကိန်းတာဝန်ခံများက ပြန်လည်ရှင်းလင်းတင်ပြကြကာ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ လိုက်လံကြည့်ရှု၍ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် မေးမြန်းဆွေးနွေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါတံတားလုပ်ငန်းခွင်နှင့် ဆက်စပ်ဖောက်လုပ်နေသော Tengzhou Tunnel (ထန်ဂျို့ ကားလမ်းဥမင်) တည်ဆောက်နေသည့်နေရာသို့ ရောက်ရှိခဲ့ရာ စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ကားလမ်းဥမင်တည်ဆောက် ခြင်း လုပ်ငန်းခွင်အတွင်းသို့ လိုက်လံပြသရာ ပြည်ထောင်စုဝန်ကြီးက ဥမင်တည်ဆောက်ခြင်း နည်းပညာနှင့်ပတ်သက်၍ သိရှိလိုသည့် ဆွေးနွေးမေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့မှ China Southern လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်