Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်   စက်တင်ဘာ   ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း ရောက်ရှိနေသော နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ မြို့တော်ခန်းမ၌ အခြေပြု၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၉၁၅ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၇၅ ဦး၊ ခွဲစိတ်ရောဂါ ၆၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၄၇ ဦး၊ ကလေးရောဂါ ၃၉ ဦး၊ အရိုးရောဂါ ၁၅၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၆၂ ဦး၊ မျက်စိရောဂါ ၁၉၈ ဦးနှင့် သွားရောဂါ ၈၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၁၂ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၄ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၅၂ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၃၀ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရန်လိုအပ်သူ ၆၃ ဦးအား   ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းနောက် မျက်စိခွဲစိတ်ကုသမှုခံယူထားသည့် ဒေသခံပြည်သူများအား ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများက နေကာမျက်မှန်များ တပ်ဆင်ပေးသည်။ ထို့ပြင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။

ထို့ပြင် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ထံသို့ လာရောက်ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံစေတနာရှင်ပြည်သူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးသည်။