နေပြည်တော် စက်တင်ဘာ ၁၄
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးဦးမြင့်နောင် တက်ရောက်အမှာ စကားပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ အာမခံအလုပ်သမားများနှင့် အကျိုးခံစားခွင့်လက်ခံရယူမည့်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အရ ဆေးဖိုးကုန်ကျစရိတ်များ ပြန်လည်ပေးအမ်းခြင်းနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်အရ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား၏ ကျန်ရစ်သူမိသားစုများကို အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြို့နယ်လူမှုဖူလုံရေးရုံး ၇၈ ရုံးတွင် အလုပ်ဌာန ၃၅၂၅၃ ဌာနနှင့် အလုပ်သမား ၁၂၅၂၂၃၃ ဦး အကျုံးဝင်မှတ်ပုံတင်ထားပြီး ပြည်ထောင်စုနယ်မြေ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန ၁၀၆၇ ဌာနနှင့် အာမခံအလုပ်သမား ၂၆၃၈၂ ဦး ရှိပါကြောင်း။
စုပေါင်းခြင်းဖြင့်ဖူလုံအံ့
အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု၊ မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင်ထိခိုက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်တို့အပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်တို့အတွက် “One for all , All for one” (စုပေါင်းခြင်းဖြင့်ဖူလုံအံ့)ဆိုသည့် လူမှုဖူလုံရေးဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းကြောင့် အလုပ်ရှင်များအနေဖြင့် မိမိအလုပ်သမားများအား ဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးများပေးသွင်းခြင်း၊ ဥပဒေနှင့်အညီ အကျိုးခံစားခွင့် များထုတ်ယူခြင်းဖြင့် အလုပ်သမားများ၏အကျိုးကို နစ်နာဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ အနေဖြင့်ခေတ်ကာလနှင့်အညီ လိုက်လျောညီထွေဖြစ်စေမည့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အရ ပြည်ထောင်စုနယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ် လူမှုဖူလုံရေးရုံးနှင့် ပျဉ်းမနားမြို့နယ် လူမှုဖူလုံရေးရုံးတို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား ၁၉ ဦး၏ ဆေးဖိုးကုန်ကျငွေများ၊ မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုများအတွက် အကျိုးခံစားခွင့် ငွေ ၁၄၈၈၉၄၉၂ ဒသမ ၂၂ ကျပ်နှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အရ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၅၄၀၀၀၀၀၊ စုစုပေါင်းအာမခံ အလုပ်သမား ၂၀ အတွက် အကျိုးခံစားခွင့် ငွေ ၂၀၂၈၉၄၉၂ ဒသမ ၂၂ ကျပ်ကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်