နေပြည်တော် စက်တင်ဘာ ၁၄
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖန်ချန်းကန်မြို့၌ ကျင်းပသည့် (၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အမှာစကားပြောကြား
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ (National Medical Products Administration of China)မှ Chief Commissioner ဖြစ်သူ Mr. Li Li နှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Vice Governor ဖြစ်သူ Mr. Maio Qingwang တို့က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားကြပြီး တက်ရောက်လာသော အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက အမှာစကားပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မိန့်ခွန်းပြောကြားရာတွင် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့်ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်း အဝေးများသည် ဒေသအတွင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ယခုနှစ်သည် “Conveying the voice of traditional Chinese Medicine to the World, ushering in a new future for traditional medicines”ခေါင်းစဉ်ဖြင့် နှစ်နှစ် တစ်ကြိမ်ကျင်းပသည့် ထိပ်သီးအစည်းအဝေး၏ သတ္တမအကြိမ်မြောက်လည်း ဖြစ်ပါကြောင်း၊ တရုတ်ရိုးရာ တိုင်းရင်းဆေးပညာသည် နှစ်ထောင်ပေါင်းများစွာ တည်တံ့ခိုင်မြဲ၍ ကြွယ်ဝသော သမိုင်းကြောင်းလည်းရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တစ်ခုဖြစ်ပါကြောင်း။
ယနေ့ ထိပ်သီးအစည်းအဝေးသည် အရည်အသွေးအာမခံမှု၊ အကဲဖြတ်မှု၊ စွမ်းရည်မြှင့်တင်ရေးနှင့် မဟာဗျူဟာအစပြုမှုများ အကောင်အထည်ဖော်ရေးတို့ကို အဓိကထားဆွေးနွေး၍ တိုင်းရင်း ဆေးဝါးများဆိုင်ရာ မူဝါဒများနှင့်စည်းမျဉ်းများကို နိုင်ငံအချင်းချင်း ဖလှယ်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် ယနေ့ ကြုံတွေ့နေကြရသော တိုင်းရင်းဆေးဝါးကဏ္ဍ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး အဓိကသော့ချက်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့်လည်း အနောက်တိုင်းဆေးနှင့်ဆေးဝါးများ၊ ကျန်းမာရေး ဖြည့်စွက်စာများ၊ စားသောက်ကုန်များ အရည်အသွေးအာမခံမှုရှိစေရေး၊ ဘေးကင်းလုံခြုံမှုရှိစေရေး၊ အစားအသောက်နှင့် ဆေးဝါးများမှတ်ပုံတင်ရေးလုပ်ငန်းများနှင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေးစျေးကွက်အတွင်းရှိ အစားအသောက်နှင့် ဆေးဝါးများကို စနစ်တကျ စစ်ဆေးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသော ထိပ်သီးအစည်းအဝေးမှ ဒေသတွင်းနိုင်ငံများ ဘေးအန္တရာယ်ကင်းဝေးပြီး ပိုမိုကောင်းမွန်သော တိုင်းရင်းဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆွေးနွေး
ထို့နောက် တက်ရောက်လာကြသည့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တိုင်းရင်းဆေးပညာဌာန အကြီးအကဲများက နိုင်ငံအလိုက်ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းဆေးဝါးများ အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေး၊ သုတေသနပြုဆောင်ရွက်လျက်ရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြရာ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ မူဝါဒလုပ်ငန်းစဉ်များ၊ သုတေသနလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကုသမှုအတွက် ဝိသမအဖျားပျောက်ဆေး တိုင်းရင်းဆေးဝါးကို သိပ္ပံနည်းကျ ဖော်စပ်၍ ကုသနိုင်ခဲ့သည့် အောင်မြင်မှုများကို တင်ပြဆွေးနွေး သည်။
မွန်းလွဲပိုင်းတွင် အစီအစဉ်အရ တရုတ်-အာဆီယံဆေးဝါး ထိန်းချုပ်ရေးအရာရှိများ သင်တန်း ဖွင့်ပွဲအခမ်းအနား၊ တိုင်းရင်းဆေး နှင့်ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲနှင့် တရုတ်-အာဆီယံ ဆေးဝါးထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေးဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ ကျန်းမာ ရေးဝန်ကြီးဌာန တိုင်းရင်းဆေး ပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်