နေပြည်တော် စက်တင်ဘာ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Marcoluigi Corsi ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် UNICEF နှင့် ဝန်ကြီးဌာနတို့အကြား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ မိုင်းအန္တရာယ်အသိပညာပေးရေး နယ်ပယ်များတွင် ကာလရှည်ကြာစွာ ပူးပေါင်း ဆောင်ရွက်ခဲ့မှု၊ လူမှုဝန်ထမ်းဦးစီးဌာနမှ Nation Wide Case Management Supervision Unit (NCMSU) ကိုဖွဲ့စည်းပြီး ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ UNICEF နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် လူမှုရေးဆိုင်ရာ မူဝါဒလုပ်ငန်းအစီအစဉ်၊ ကလေးသူငယ်ကာကွယ်ရေးလုပ်ငန်းအစီအစဉ်နှင့်ရှေးဦးအရွယ် ကလေးသူငယ်လေ့လာသင်ယူမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဝန်ကြီးဌာနနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်ကိစ္စ၊ UNICEF မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအချက်အလက်များကို ဝန်ကြီးဌာနသို့ မျှဝေရန်ကိစ္စ၊ မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများကိစ္စ၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ အထောက်အပံ့ပေးရေး (Psycho-Social Support) ကိစ္စရပ်များ၊ UNICEF အဖွဲ့မှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာ၊ ပြည်တွင်းခရီးသွားလာခွင့်နှင့် အခြားလိုအပ်သောထောက်ပံ့ပေးမှုများအတွက် ဝန်ကြီးဌာနက ထောက်ခံပေးနိုင်ရေးကိစ္စ၊ ဝန်ကြီးဌာနနှင့် UNICEF တို့အကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်