နေပြည်တော် စက်တင်ဘာ ၁၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပမည့် တရုတ်-အာဆီယံ ဆောက်လုပ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှတရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
အဆိုပါ အစည်းအဝေးကို ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အိမ်ရာနှင့် မြို့ပြ - ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသောဝန်ကြီးများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်