Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း သစ်တောစိုက်ခင်းများနှင့် ပျိုးဥယျာဉ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၄

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော ၁/၂၀၂၃ ကျေးရွာသုံး စိုက်ခင်း ယူကလစ်၊ ရှား ၇၅ ဧကနှင့် ၂/၂၀၂၃ ရေဝေရေလဲစိုက်ခင်း ယူကလစ်၊ ရှား၊ ဒဟတ် ၇၅ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ် ယင်းဆိပ်အမြဲတမ်းပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၃ မျိုးဖြင့် ပျိုးပင်ပေါင်း ၆၁၀၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် တောပုန်း ကြိုးပြင်ကာကွယ်တော အကွက်အမှတ် ၃ ရှိ ၂၀၂၁ ခုနှစ် အထူးစိမ်းလန်း စိုပြည်ရေးစိုက်ခင်း အပင် ၂၂၀၀ ၏ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တည်ထောင်ပြီးသော သစ်တောစိုက်ခင်းများအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားရန်နှင့် အပူပိုင်းဒေသမျိုးရင်း သစ်မျိုးများအား သုတေသနပြုလုပ်ပြီး သုတေသနရလဒ်များအပေါ် အခြေခံ၍ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အောင်လံမြို့နယ်ရှိ မိုးလယ်ပျိုးဥယျာဉ်သို့ရောက်ရှိရာ ပျိုးဥယျာဉ်အတွင်း သစ်မျိုး ရှစ်မျိုးဖြင့် ပျိုးပင် ပေါင်း ၇၈၀၀၀ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး နှစ်ပေအထက်ပျိုးပင်များ စဉ်ဆက်မပြတ် ရရှိစေရေးအတွက် လိုအပ်သော သစ်စေ့စုဆောင်းခြင်း၊ ကြိုတင်ပျိုးထောင်ခြင်း လုပ်ငန်းများအား အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ပြည်ကျွန်းကြိုးဝိုင်းရှိ သက်ကြီးကျွန်းစိုက်ခင်း ၇၈ ဧကသို့ ရောက်ရှိပြီး တာဝန်ရှိသူများက ကျွန်းပင် ၃၄၆၆ ပင်အား ထိန်းသိမ်းစောင့်ရှောက်ထားမှုနှင့် စိုက်ခင်းအတွင်း သစ်စေ့ထုတ်ဧရိယာမှ နှစ်စဉ် သစ်စေ့စုဆောင်းရရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျွန်းစိုက်ခင်းများ အောင်မြင်အောင် တည်ထောင်နိုင်ရေးအတွက်လိုအပ်သော မျိုးကောင်းမျိုးသန့် ကျွန်းစေ့များစုဆောင်းနိုင်ရန် ဖြောင့်တန်းသော ကျွန်းပင်များ ပေါက်ရောက်ရာ သဘာဝတောနှင့် သက်ကြီး ကျွန်းစိုက်ခင်းနေရာများအား ကျွန်းသစ်စေ့ထုတ် ဧရိယာအဖြစ် တိုးချဲ့သတ်မှတ်ဆောင်ရွက်သွားရန်မှာကြားကာ သဲကုန်းမြို့နယ် ရွှေကျွန်းတောကြိုးဝိုင်းရှိ သက်ကြီးကျွန်းစိုက်ခင်း ၁၄၇ ဧက အတွင်း သစ်စေ့ ထုတ်ဧရိယာ တည်ထောင်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သာယာဝတီခရိုင် မင်းလှမြို့နယ်ရှိရွှေဝါမြိုင် ပျိုးဥယျာဉ်အတွင်းပျိုးပင် ၁၂၅၀၀ ပျိုးထောင်ထားရှိမှု ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ်ရှိ လသာကုန်းပျိုးဥယျာဉ်အတွင်း ပျိုးပင်ကြီး ၂၄၀၀၀ နှင့် ၂၀၂၄ ခုနှစ် မိုးရာသီ လူထုဖြန့်စိုက်ပျိုးရန်ပျိုးပင် ၇၀၀၀၀ ပျိုးထောင်ထားရှိမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်