Skip to main content

နည်းပညာတက္ကသိုလ် (ပုသိမ်)၌ လူငယ်စကားဝိုင်းပြုလုပ်

ပုသိမ် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် နည်းပညာတက္ကသိုလ်(ပုသိမ်)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကို စက်တင်ဘာ ၁၃ ရက်က ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

လူငယ်စကားဝိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူငယ်များအားဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြသည့် လူငယ်များဖြစ်ကြ ပါစေကြောင်းနှင့် ယနေ့ပြုလုပ်သည့် လူငယ်စကားဝိုင်းမှသည် နောင်အနာဂတ် အတွက် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့် လူငယ်လူရွယ်များ ပေါ်ထွက်စေလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စကားဝိုင်းဆွေးနွေး ပွဲကိုပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ တွဲဖက်ပါမောက္ခ (မြန်မာစာဌာန) ဒေါ်မြသက်နွယ်က ဦးဆောင်ဆွေးနွေး၍ ကျောင်းသား ကျောင်းသူများက “လူငယ်နှင့်အားကစား”၊ “လူငယ်နှင့်နည်းပညာ”၊ “လူငယ်နှင့်ယဉ်ကျေးမှု၊ ‘‘လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကာ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကိုလည်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စကားဝိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော မြန်မာစာဌာန တွဲဖက်ပါမောက္ခနှင့် ကျောင်းသား ကျောင်းသူများအတွက် အမှတ်တရလက်ဆောင်များနှင့် နည်းပညာတက္ကသိုလ်(ပုသိမ်)သို့ အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဉ္စမနှစ် (Mechanical)ကျောင်းသားများက လက်တွန်းကောက်စိုက်စက်စမ်းသပ်တည်ဆောက်နေမှုကို ကြည့်ရှုအားပေးပြီး အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။

တိုင်းဒေသကြီး

(ပြန်/ဆက်)