Skip to main content

ဗန်းမော်တက္ကသိုလ်၌ လူငယ်သီတင်းပတ် ကျင်းပ

ဗန်းမော် စက်တင်ဘာ ၁၄

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဗန်မော်တက္ကသိုလ်တွင် “လူငယ်သီတင်းပတ်” အထိမ်းအမှတ် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ဆောင်ရွက်လှုပ်ရှားမှုအနေဖြင့် စာရိတ္တဗလနှင့် ဘောဂဗလကို ဖော်ဆောင်သော သိမှတ်ဖွယ်ရာ ကျင့်ဝတ် အဖြာဖြာဟောပြောပွဲနှင့် ဒေသအကျိုးပြု စာတမ်းငယ်ဖတ်ကြားခြင်းအခမ်းအနားကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်က ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာပါမောက္ခချုပ်ဒေါက်တာ နေသွယ်ကြည်က အမှာစကားပြောကြားသည်။

ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူများက အသုံးချသုတေသန Project များ ခင်းကျင်းပြသထားမှုကို စိတ်ပါ၁ဝင်စားစွာ လှည့်လည်ကြည့်ရှုကြ သည်။ ကျောင်းသားကျောင်းသူများက ဒေသအကျိုးပြု စာတမ်းငယ်များ ဖတ်ကြားခြင်း၊ ဉာဏ်စမ်းမေးခွန်းများ ဖြေကြားခြင်းများ ပြုလုပ်သည်။ ထို့အပြင် ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား ကျောင်းသူများက တိုက်ကွမ်ဒို အားကစား၊ လက်ဝှေ့အားကစားနှင့် Physical Fitness Dance အားကစားနည်းများကို သရုပ်ပြကစားခြင်းနှင့် လူငယ် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကြည်စိုး၊ ဗန်းမော်တက္ကသိုလ် သင်္ချာဌာနနည်းပြ ဒေါ်ဆွေသီရိကျော်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ကြပြီး ဗန်းမော်တက္ကသိုလ် မြန်မာစာပထမနှစ် မဟာတန်းကျောင်းသူ မနှင်းဖြူဖြူသွယ်မွန်၊ အင်္ဂလိပ်စာစတုတ္ထနှစ် ကျောင်းသူမမေသွေးခင်၊ သင်္ချာပထမနှစ်ကျောင်းသား မောင်စိုင်းစိုင်းဦးတို့က လူငယ်နှင့်ဗလငါးတန် ဖွံ့ဖြိုးရေးခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။

သတင်းစဉ်