Skip to main content

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၄

နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် သစ်တွန်ကျေးရွာအုပ်စု မရမ်းတောင်(အောက်)ကျေးရွာ၌ ရောက်ရှိနေသည့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် သီရိမင်္ဂလာကျောင်းတိုက်၌ သစ်တွန်ကျေးရွာအုပ်စု (ကျေးရွာ-၁၁)ရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းများ၊ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် သစ်တွန်ကျေးရွာအုပ်စုမရမ်းတောင်(အောက်) ရွှေဘုန်းပွင့်ကျောင်းတိုက် ပဓာနနာယကဆရာတော် အုပ်စုသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆိုလာမီးအိမ်များကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သစ်တွန်ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအတွက် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်များ လှူဒါန်းကြကာ ဆရာတော်ဘဒ္ဒန္တအဂ္ဂဝံသထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် သီရိမင်္ဂလာကျောင်းတိုက်၌ သစ်တွန်ကျေးရွာ အုပ်စု(ကျေးရွာ-၁၁)ရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဝင်က ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအချက်မှာ ပညာရေး၊ ကျန်းမာရေးနှင့်လမ်းပန်းဆက်သွယ်ရေးဖြစ်ကြောင်း၊ သို့သော်နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှိမှသာ ပညာရေး၊ ကျန်းမာရေးနှင့်လမ်းပန်းဆက်သွယ် ရေးတို့ကို ဖွံ့ဖြိုးတိုးတက်အောင် ရာနှုန်းပြည့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့သည် ဒေသဖွံ့ဖြိုးရေးများ ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့ကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့ပြနှင့် ကျေးလက် ဒေသကွာဟမှုမဖြစ်စေရေးနှင့် တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လာရောက်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းလုံခြုံရေး သည်လည်း အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်သားတည်းရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သစ်တွန်ကျေးရွာအုပ်စုရှိ ကျေးရွာများသည် နေပြည် တော်နှင့်အနီးဆုံး တိုင်းရင်းသားတိုင်းရင်းသူများနေထိုင်သည့် တောင်ပေါ်ကျေးရွာများဖြစ်ပြီး သာယာလှပသည့်အတွက် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများစိတ်ဝင်စားပြီး လာရောက် လည်ပတ်နိုင်ရေးနှင့် လူထုဗဟိုပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် သစ်တွန်ကျေးရွာအုပ်စုမှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ သုတရသစာအုပ် များ၊ ကလေးကစားစရာအရုပ်များ၊ ကလေးအနွေး ဘောင်းဘီများ၊ ဆေးစိမ်ခြင်ထောင်များ၊ ဆေးဝါးများ၊ မျိုးစေ့များ၊ ဆိုလာပြားများ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေများနှင့် ပန်းခင်းစီမံချက်(၂) ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းအုပ်ဆရာကြီးများနှင့် တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

ယင်းနောက် ဒေသခံတိုင်းရင်းသားပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံ များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး သစ်တွန်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုကိုယ်စား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဝင်းဗိုလ်က ကျေးဇူးတင်စကား ပြောကြားကာ နေပြည်တော်ကောင်စီဝင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

လိုအပ်ချက်များကို ဖြည့်ဆည်း

ညနေပိုင်းတွင် နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာအဖွဲ့သည် သစ်တွန်ကျေးရွာအုပ်စု မရမ်းတောင်(အောက်)ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ သွားရောက်ကာ သစ်တွန်ကျေးရွာအုပ်စု၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာဆရာမများနှင့်တွေ့ဆုံ၍ စာပေသင်ကြားသင်ယူနေ မှုအခြေအနေများကို မေးမြန်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသုံးစာရေးကိရိယာ၊ စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံး ဆေးဝါးများ၊ ဆေးစိမ်ခြင်ထောင်များနှင့် ထောက်ပံ့ငွေများပေးအပ်၍ ကျောင်းသုံးရေသန့်ရှင်းရေးနှင့် ပိုးမွှားများကင်းရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသည့် KG ကျောင်းသား ကျောင်းသူများကို ကစားစရာအရုပ်များနှင့် Grade - 1 မှ Grade-11 အထိ ကျောင်းသား ကျောင်းသူများအား စားသောက် ဖွယ်ရာများကိုမျှဝေပေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်နေသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

သတင်းစဉ်