Skip to main content

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများဖော်ထုတ်

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထားသည့် ပုဒ်မ(၂၇)အရ “နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည်”၊ ပုဒ်မ (၃၃) အရ “နိုင်ငံတော်သည် လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်”၊ ပုဒ်မ၃၉၀(က)အရ “အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” အချက်တို့ပါရှိသည်။

ထိန်းသိမ်းလိုက်နာကျင့်သုံးလျက်ရှိသည့် နိုင်ငံတော်၏လူမှုရေးဆိုင်ရာ ပြဋ္ဌာန်းချက်များသည် နှစ်ပေါင်းရှည်ကြာတည်တံ့ခိုင်မြဲခဲ့သည့် နိုင်ငံတော်ကြီး ဆက်လက်အဓွန့်ရှည်နေစေရန်အတွက် ဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်များဖြစ်သည်။ မြင့်မားသည့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် ပြည့်စုံသည့်နိုင်ငံသည် ထိုနိုင်ငံ၏ နှစ်ပေါင်းရှည်ကြာတည်တံ့ဖြစ်ထွန်းခဲ့သည့် ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်သည်။ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာသည့် ကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမအစဉ် အလာများသည် ထိုနိုင်ငံ၏ထူးခြားပေါ်လွင်သည့် အဓိကအသွင်အပြင်လက္ခဏာများဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒြပ်ရှိ/ဒြပ်မဲ့ယဉ်ကျေးမှုလက္ခဏာများ အမြောက်အမြားရှိသည့်အနက် အဆို၊ အက၊ အရေး၊ အတီးအနုသုခုမပညာရပ်များသည် မြန်မာတစ်မျိုးသားလုံး၏ မြတ်နိုးဂုဏ်ယူဖွယ်ရာ အစဉ်အလာများဖြစ်သည်။ ထို့ကြောင့် မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်မှစတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ နှစ်စဉ်ရည်ရွယ်ချက်ကောင်းများစွာဖြင့် ခမ်းနားသိုက်မြိုက် စွာကျင်းပခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၂၂)ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ ငါးနှစ်တာကာလအတွင်း ထိုစဉ်ကအစိုးရ၏ အကြောင်းပြချက်အမျိုးမျိုးကြောင့် ပြိုင်ပွဲကျင်းပမှုကို ရပ်ဆိုင်းခဲ့သည်။

အဆိုပါငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု ပညာရပ်များနှင့် ကင်းကွာလာခဲ့သည်။ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော ဝါရင့်သမ္ဘာရင့်သက်ကြီးအနုပညာရှင်အချို့လည်း တိမ်းပါးကွယ်လွန်ကြွေလွင့်ခြင်းများရှိခဲ့သည်။ ထိုကာလမတိုင်ခင်ကတည်းကပင် အနောက်တိုင်း ယဉ်ကျေးမှုရေစီးကြောင်းများ ထိုးဖောက်ဝင်ရောက်မှုကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့်ဆန့်ကျင်သည့် သရုပ်လွန်ဂီတအနုပညာများနှင့် မြန်မာ့ယဉ်ကျေးမှုနှင့်မဆီလျော်သည့် ငြိမ့်ညောင်းသာယာမှုနှင့် ဆန့်ကျင်ဘက်ဖြစ်သော သရုပ်ပျက်လှုပ်ရှားသီဆိုကပြမှုများသည် လူငယ်ထုအတွင်း အတိုင်းအတာတစ်ခုအထိ ထိုးဖောက်ဝင်ရောက်စပြုနေပြီဖြစ်သည်။

ထိုသို့ ပျက်ယွင်းလာမှုအခြေအနေများကြောင့် မြန်မာ့ရိုးရာအနုသုခုမပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည့် ပညာရှင်များ၊ မြန်မာ့ရိုးရာအနုသုခုမပညာရပ်များကို မြတ်နိုးတွယ်တာခုံမင်သူ ဝါသနာရှင်လူငယ်များ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုသုခုမပညာရပ်များကို စိတ်ဝင်စားသည့် မိဘပြည်သူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို ပြန်လည်ဖော်ထုတ်သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ပြန်လည်ပေါ်ထွန်းလာရေးကို မျှော်လင့်နေကြသည်။ ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ခမ်းခမ်းနားနားနှင့်စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပရန်လမ်းညွှန်ခဲ့ရာ မိဘပြည်သူများ မျှော်လင့်လျက်ရှိသည့် တိမ်မြုပ်ပျောက်ကွယ်နေသော မြန်မာတို့၏အနုသုခုမပညာရပ်များ ပြန်လည်ရှင်သန်လာသည်။

၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ထိုစဉ်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးစအချိန် ကျန်းမာရေးရှုထောင့်အမြင်နှင့် အကြမ်းဖက်အဖျက်သမားအန္တရာယ် လုံခြုံရေးရှုထောင့်အမြင်တို့ဖြင့် စေ့စပ်သေချာစွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှုကြောင့် ပြိုင်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ရွက်ပုန်းသီးအနုပညာရှင်များလည်း ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ယခု ၂၀၂၃ ခုနှစ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို မြို့နယ်၊ ခရိုင်အဆင့် ကျင်းပနိုင်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ မကြာမီကာလတွင် နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်တော့မည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံးလက္ခဏာများဖြစ်သည့် ယဉ်ကျေးမှုအစဉ်အလာများ မပျောက်ပျက်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးတို့ကို ဖော်ထုတ်ပေးသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကြိုဆိုလိုက်ရ ပါကြောင်း။     ။