Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၊ လွိုင်ကော်မြို့တွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကြည့်ရှု

လွိုင်ကော် စက်တင်ဘာ ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

ပူးပေါင်းဆောင်ရွက်ပေး

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးရရှိရေးအပြင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ လူငယ်မျိုးဆက်သစ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးနှင့် ဘာသာရေးဆိုင်ရာလိုအပ်ချက်များအတွက် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များအနေဖြင့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကောင်းမွန်သည့်အကြံပြုချက်များကို ရင်းနှီးစွာ ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏အားဖြင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ လုပ်ငန်းများပုံမှန်ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ယင်းနောက် ဘာသာရေးအသင်းအဖွဲ့ ၁၁ ဖွဲ့မှ ခေါင်းဆောင်များက ဘာသာအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဘာသာရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ၏ တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘာသာရေးခေါင်းဆောင်များနှင့်ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိသည့်အခြေအနေများ၊ ပြည်သူများ အပန်းဖြေစရာအဓိကနေရာတစ်ခုဖြစ်သော နောင်ယားကန်သာ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိသည့်အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာဗဟို ဈေးကြီးသို့သွားရောက်၍ ဆန်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ ရောင်းချနေမှုများကို လှည့်လည်ကြည့်ရှုပြီး ဈေးဝယ်ပြည်သူများနှင့် ဈေးရောင်းချသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။

ယင်းနောက် သီရိမင်္ဂလာဗဟိုဈေးကြီး ဈေးရုံးခန်းမ၌ စျေးကော်မတီဝင်များ၊ စျေးအကျိုးတော်ဆောင်များ၊ စျေးသူဈေးသားများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ဈေးဆိုင်ခန်းများပြန်လည်ဖွင့်လှစ် နိုင်ရေးဆောင်ရွက်ပေးမှုအခြေအနေများနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဈေးအတွင်းဆောင်ရွက်နေသည့် ဈေးရုံနှစ်ရုံ အသစ်တည်ဆောက်ခြင်း၊ အသား/ ငါး၊ ယင်လုံဈေးရုံ တည်ဆောက်ခြင်းနှင့် ဈေးရုံ ၁၂ ရုံ အမိုးပြုပြင်ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာတောင်တော်(တောင်ကွဲစေတီ)သို့ သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့များက လက်ခံရယူကြသည်။ ယင်းနောက် သီရိရတနာဓမ္မာရုံ အဘယမုဒြာဂန္ဓကုဋိတိုက် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်