Skip to main content

(၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၆

(၇၅)နှစ်မြောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ်အဖြစ် မြန်မာ-ရုရှားချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးနှင့်ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ပါဝင်ဆွေးနွေးကြမည့် ပညာရှင်များ၊ တက္ကသိုလ်များမှ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ သို့ရောက်ရှိကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးမှတ်တမ်းဗီဒီယိုနှင့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ တေးသံရှင်များက “သမိုင်း တစ်ခေတ် တို့ဖွင့်လှစ်မည်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ယင်းနောက် မြန်မာ-ရုရှား ခေတ်အဆက်ဆက်ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ဖွင့်လှစ်ပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ်အဖြစ် အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် ဖိုရမ်ကြီးကို မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်နှင့် ကဏ္ဍပေါင်းစုံ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ သံတမန်ဆက်သွယ် ထူထောင်မှုသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင်(၇၅)နှစ် ပြည့်မြောက်တော့မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကိုပြန်ကြည့်ပါက ခေတ်အဆက်ဆက်တွင် ရင်းနှီးချစ်ခင်မှုခိုင်မြဲခဲ့သကဲ့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ယခင်ကထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရုံသာမက နှစ်နိုင်ငံတပ်မတော်အကြား၌လည်း တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ကြရမည် ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုကိစ္စရပ်များ၊ သိပ္ပံနည်းပညာ ဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များသာမက အခြားကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို မြှင့်တင်နိုင်ခဲ့ပါကြောင်း။

အထူးသဖြင့် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အမြဲတမ်းမိတ်ဆွေနိုင်ငံ၊ အမြဲတမ်းမဟာမိတ်နိုင်ငံများအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပြီး ရုရှား-မြန်မာချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီး အပြန်အလှန်လည်ပတ်ရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းတိုးမြှင့်ရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အရပ်ဘက်စစ်ဘက် ပညာတော်သင်များ ထပ်မံစေလွှတ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်စေလွှတ်သွားရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာနှင့် ဒေသတွင်းဆက်ဆံရေး အခြေအနေများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရေးဟူသည့် လုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း။

အတိတ်သမိုင်းကြောင်းကို ပြန်ကြည့်ပါက ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် ပထဝီအနေအထားအရ သမုဒ္ဒရာကြီးများနှင့် တိုက်ကြီးများ ခြားထားသော်လည်း နှစ်နိုင်ငံအပြန်အလှန် နားလည်မှု၊ စီးပွားရေးအခွင့်အလမ်းနှင့် မဟာဗျူဟာဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပေါ် အခြေခံပြီး နီးနီးကပ်ကပ်ရင်းနှီးချစ်ကြည်ဆက်ဆံလာ ခဲ့ကြသည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါကြောင်း။

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးတွင် ဆဋ္ဌမမြောက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက သံတမန်ဆက်ဆံခဲ့ကြခြင်းဖြစ်သဖြင့် ရင်းနှီးကျွမ်းဝင်မှုများ အခိုင်အမာရှိနေပြီဟု ပြောရမှာဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကြေညာ စာတမ်းတွင် “ငါတို့ လွတ်လပ်ရေးနှင့်ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့်အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤငါတို့ ကြေညာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း” ဟု ရေးသားကြေညာ ခဲ့သည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါကြောင်း။

ယင်းကြေညာစာတမ်းကိုကြည့်ပါက မိမိတို့မြန်မာနိုင်ငံသားများသည် လွတ်လပ်ရေးကို လေးစားမြတ်နိုး တန်ဖိုးထားထိန်းသိမ်းသူများ၊ ငြိမ်းချမ်းရေးကို အလေးထားမှုများ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိမှုများကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

ယနေ့ကမ္ဘာကြီးတွင် အင်အားကြီးနိုင်ငံအချို့သည် နိုင်ငံငယ်များ၏ ပြည်တွင်းရေးကိစ္စများတွင် အကြောင်းအမျိုးမျိုးပြကာ ဝင်ရောက်စွက်ဖက်ပြီး တည်ငြိမ်မှုပျက်ပြားအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်းလမ်းမျိုးစုံ အသုံးပြုပြီးဆောင်ရွက် နေကြပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံငယ်လေးများအပေါ် မလိုတစ်မျိုးလိုတစ်မျိုးလုပ်ပြီး ဖိအားပေးအကျပ်ကိုင်မှုများ၊ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေသည်ကို တွေ့မြင်နေရပါကြောင်း။

အထူးသဖြင့် မိမိတို့ မြန်မာနိုင်ငံကဲ့သို့ ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံငယ်တစ်ခုကို ၎င်းတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနှင့်ဒေသတွင်း သြဇာကျယ်ပြန့်လာစေရေးအတွက် နည်းလမ်းမျိုးစုံနှင့် ဖိအားပေးအကျပ်ကိုင်မှုများ၊ အပြစ်ရှာဝေဖန် တိုက်ခိုက်မှုများ၊ ပိတ်ဆို့အရေးယူမှုများ၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုများကိုစဉ်ဆက်မပြတ် တစ်စိုက်မတ်မတ် အရှိန်ယူဆောင်ရွက်နေသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရပါကြောင်း။

ထိုကဲ့သို့ နိုင်ငံကြီးအချို့၏ မြန်မာနိုင်ငံအပေါ် အဆိုးမြင်စိတ်များစွာနှင့် အလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ကျင့်ကြံဆောင်ရွက်မှုများကို ရင်ဆိုင်ကျော်လွှား နိုင်ရေးအတွက် မိတ်ကောင်းဆွေသဟာ ပီသစွာ အမြဲဖေးမကူညီရပ်တည်ပေးသည့် ရုရှားနိုင်ငံ၏ ခေါင်းဆောင်များနှင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားများကို အထူးပင် ကျေးဇူး တင်ရှိကြောင်းကို ပြောကြားလိုပါကြောင်း။

မိမိတို့ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မြဲစေရန် အစဉ်တစိုက် အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ရုရှားနိုင်ငံကို မိတ်ကောင်းဆွေကောင်းအဖြစ် လေးစားတန်ဖိုးထားပြီး နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းနိုင်အောင် ဘက်ပေါင်းစုံမှ ဖော်ဆောင်သွားမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံပြည်သူများ အချင်းချင်းရင်းနှီးချစ်ကြည်စွာ ကူးလူးဆက်သွယ်ဆောင်ရွက်နိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း။

ယနေ့မျက်မှောက်ကမ္ဘာကြီးတွင် အရေးအကြီးဆုံးလိုအပ်နေသည့် အရာသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ပင် ဖြစ်ပါကြောင်း၊ ထိုအရာများသည် တစ်သီးခြားစီ ရပ်တည်၍မရဘဲ တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေရသည့် အရာများပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှုမရှိဘဲ တည်ငြိမ်မှုမရနိုင်သကဲ့သို့ ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်လို့မရ နိုင်သည်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း၊ ယင်းလိုအပ်ချက်များ ပြည့်စုံရေးအတွက် မိမိတို့အားလုံးသည် နိုင်ငံတကာဆက်ဆံရေး ခိုင်မာအားကောင်းလာစေရန် မဖြစ်မနေ ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။

တစ်နည်းအားဖြင့် ကမ္ဘာ့မျက်နှာစာအသီးသီးတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ ပြည်သူတစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်နိုင်မှသာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း။

အားလုံးသိကြသည့်အတိုင်း ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးစ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံသည် များစွာသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း ကုလသမဂ္ဂအပါအဝင် ဒေသတွင်းအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာချိန်မှစပြီး ယနေ့အချိန်အထိ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးကို နိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ်တစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကုလသမဂ္ဂကြီးကို ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှုနှင့် တရားမျှတမှုရှိပြီး သာယာဝပြောသည့် ကမ္ဘာ့အသိုက်အဝန်းကြီး ဖြစ်ပေါ်လာရေးအတွက် ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း။

သို့သော် အင်အားကြီးကမ္ဘာ့နိုင်ငံအချို့သည် နိုင်ငံငယ်များအပေါ် တစ်ဖက်သတ် ဝါစွဲဖြင့်မတူညီသည့် နိုင်ငံရေးစနစ်ဖြင့် အတွေးအခေါ်များအပေါ် လွှမ်းမိုးထိန်းချုပ်နိုင်ရန် နည်းလမ်းမျိုးစုံနှင့်အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း အားလုံးကသတိပြုကြရန် လိုအပ်ပါကြောင်း၊ အဆိုးဆုံးမှာဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အကြောင်းပြ၍ အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် ခြယ်လှယ်လိုမှုများကို စိတ်မကောင်းဖွယ် တွေ့မြင်နေရပါကြောင်း။

ယခုကဲ့သို့သော အခြေအနေတွင် နိုင်ငံများအနေဖြင့် အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ရေးတို့ကို လေးစားလိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့နိုင်ငံအနေဖြင့် တစ်ဖက်က နိုင်ငံရေး တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံ၏ သဘောထားရပ်တည်ချက်များအတိုင်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြည့်အဝပါဝင်ဆောင်ရွက်လျက် ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း။

မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှဒေသ၏ အချက်အချာနေရာတွင် တည်ရှိနေသည့်အတွက် ပထဝီနိုင်ငံရေးအရ အရေးပါသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ မြောက်ပိုင်းဒေသတွင် နှင်းဖုံးသည့် တောင်တန်းကြီးများ၊ အလယ်ပိုင်းတွင် ထွန်ယက်စိုက်ပျိုးနိုင်သည့် မြေပြန့်လွင်ပြင်များနှင့် တောင်ဘက်ပိုင်းတွင် ပင်လယ်ပြင်နှင့် ကျွန်းစုများရှိ သည့်အတွက် ရေမြေရာသီဥတု လွန်စွာသာယာလှပသကဲ့သို့ စားရေရိက္ခာနှင့်သဘာဝတွင်းထွက်ပစ္စည်းများ ထွက်ရှိသည့်အတွက် သဘာဝကဖန်တီးပေးထားသည့် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံတော်ကြီးဖြစ်ပါကြောင်း။

ယခုကဲ့သို့တန်ဖိုးရှိသည့် ရေမြေရာသီဥတုနှင့် သဘာဝတရားများကို အကျိုးရှိစွာအသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသားများ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် တက်ညီလက်ညီ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ တော်အစိုးရအနေဖြင့် နိုင်ငံ့အကျိုး၊ တိုင်းရင်းသား ပြည်သူတို့၏အကျိုးကိုရှေးရှုပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့် ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့်လူမှုစီးပွားဘဝကို တည်ဆောက်လျက်ရှိပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး အကျိုးကိုရှေးရှုပြီး လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝမှပေးထားသည့် အခွင့်အလမ်းကောင်းများစွာရှိပြီး သားဖြစ်သည့်အတွက် ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် အားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်သည့်အခါတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများတွင် လူ့သားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပညာသင်ကြားရေးလုပ်ငန်းများကို အဓိကထားပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များအဖြစ် နှစ်နိုင်ငံကူးလူး ဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများ၊ ကမ္ဘာလှည့်ခရီးသွားကဏ္ဍများ၊ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာကဏ္ဍများအပြင် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည့်အတွက် မိမိတို့ကျရာကဏ္ဍမှ အတူတကွပူးပေါင်းဆောင်ရွက်ပေးကြရန်တိုက်တွန်းလိုပါကြောင်း။

မိမိအနေဖြင့် ရုရှားနိုင်ငံခရီးစဉ်များတွင် မြန်မာနိုင်ငံတွင် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပေးကြရန် ဖိတ်ခေါ်ခဲ့ခြင်းကြောင့် အခုအချိန်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်နေသည်ကိုတွေ့ရပြီး မကြာခင်ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏အကျိုးကို လိုလားသည့် မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ကိုလည်း အသိပေးပြောကြားလိုပါကြောင်း။

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီးကာလကတည်းက ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ချက်ကို အစဉ်တစိုက် လက်ခံကျင့်သုံး ဆောင်ရွက်နေသကဲ့သို့ လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပါကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုဆောင်ရွက်လျက် ရှိပါကြောင်း။

မိမိတို့ အစိုးရသက်တမ်းကာလတွင် အမျိုးမျိုးသောဖိအားများ၊ ဝေဖန်မှုများ၊ ပြစ်တင်မှုများကြားက မြန်မာနိုင်ငံ၏ ပကတိအခြေအနေများအပေါ် နားလည်သဘောပေါက်ပြီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးသည့် ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံများနှင့်လူပုဂ္ဂိုလ်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိသည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း။

ယနေ့ဖိုရမ်တွင် ဆွေးနွေးကြမည့် အကြောင်းအရာများ၊ ဆွေးနွေးမည့် ပုဂ္ဂိုလ်များသည် ရုရှား- မြန်မာချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ အတွေးအမြင်များ၊ နည်းလမ်းများ ရှာဖွေဆွေးနွေးကြမည်ဖြစ်သဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် တက်ရောက်လာသူအားလုံးက တက်ကြွစွာ ပါဝင်ဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ သမိုင်းကြောင်းအရနှစ်ပေါင်းများစွာ ဖြစ်တည်ရှည်ကြာခဲ့သည့် ရုရှား -မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ကြာတည်တံ့ပါစေ၊ ရုရှား-မြန်မာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ပါစေ၊ ရုရှား - မြန်မာနှစ်ပြည်ထောင် တိုးတက်ဖွံ့ဖြိုးပါစေဟု ဆုတောင်း ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးက ပြောကြားရာတွင် ယနေ့မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား(၇၅)နှစ်မြောက် သံတမန်ဆက်သွယ် ထူထောင်မှုအထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အခမ်းအနားတွင် အမှာစကားပြောကြားခွင့် ရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို တွေ့မြင်ရသည့်အတွက်လည်း ဝမ်းမြောက်ပီတိ ဖြစ်မိပါကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးနယ်ပယ်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာ များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးလမ်းစကို အစပျိုးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံ အနေဖြင့်အစဉ်အမြဲ လိုလားပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များ၏ Rossiya Vperod ရုရှား တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ အခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။

ယင်းနောက် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ကြရာ “မြန်မာ-ရုရှား ဆက်ဆံရေးမျက်မှောက်နှင့် အနာဂတ်ခရီး” ခေါင်းစဉ်ကို သဘာပတိဦးကိုကို ဦးဆောင်၍ ဦးခင်မောင်ဇော်၊ ဒေါက်တာနိုင်ဆွေဦးနှင့် ဦးကျော်လင်းဦးတို့က ဆွေးနွေးကြပြီး အမေးအဖြေကဏ္ဍများ ပြုလုပ်ကြသည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် “မြန်မာ-ရုရှားဆက်ဆံရေးနှင့် မြန်မာ့လူမှုစီးပွားအပေါ် အကျိုးဖြစ်ထွန်းမှုများ” ခေါင်းစဉ်ကို သဘာပတိ ဦးကိုကို ဦးဆောင်၍ ဒေါက်တာနန္ဒာမွှန်း၊ ဒေါက်တာမောင်သင်းနှင့် ဦးရဲမင်းအောင်တို့က ဆွေးနွေးကြပြီး အမေးအဖြေကဏ္ဍများ ပြုလုပ်ကြသည်။

ထို့နောက် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းကို ဆောင်ရွက်ကြပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များက Nadejda သီချင်းဖြင့်သီဆိုဖျော်ဖြေတင်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။